အဲဗာတန် ရှုံးပွဲ အပြီး မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဒီလစ် အပြောကို ထောက်ခံလိုက်တဲ့ ဝိန်းရွန်းနီ
မန်ချက်စတာယူနိုက်တက်ဟာ တနလ်ာနေ့ည အဲဗာတန်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ တယောက်အသာနဲ့ ကစားခဲ့ရပေမယ့်လည်း ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဝိန်း ရူနီက သရဲနီတွေရဲ့ ပွဲကို ချဉ်းကပ်တဲ့ပုံစံမှာ ပြဿနာကြီးကြီးမားမားရှိနေခဲ့တယ်လို့ ခံစားနေရပါတယ်။
၅ ပွဲဆက် ရှုံးပွဲမရှိစံချိန်ပိုင်ဆိုင်ခဲ့ပြီးနောက် မန်ယူနိုက်တက်ဟာ အဲဗာတန်နဲ့ပွဲမှာ အနိုင်ရဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး ၁၃ မိနစ်မှာပဲ အစ်ဒရစ်ဆာ ဂေးယီ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပိုလို့တောင် နိုင်ခြေများလာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းမှာ ပရိသတ်တွေအားနဲ့တောင် အခွင့်ကောင်းမယူနိုင်ခဲ့ဘဲ ၂၉ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂျူးဘာရီ-ဟောရဲ့ အံ့အားသင့်ဖွယ် အဝေးကန်ချက်ကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
အိမ်ရှင်တွေဟာ အဲဒီအချိန်ကတည်းက ပွဲကို လွှမ်းမိုးထားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၂၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အခွင့်အရေးကောင်းတွေ လုံးဝမဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ယူနိုက်တက်နောက်ခံလူ ဒီလစ် က ပင်နယ်တီဧရိယာထဲကို ဖြတ်တင်ပေးပို့မှုတွေ အဆက်မပြတ် လုပ်နေတာက အကောင်းဆုံး အကြံမဟုတ်ဘူးလို့ ထောက်ပြခဲ့ပါတယ်။
“၁၀ ယောက်နဲ့ ရင်ဆိုင်ကစားရတာက အမြဲတမ်း ခက်ခဲပါတယ်။ သူတို့တွေက ခံစစ်ကို ပိုပြီး ဆင်းသွားကြလို့ပါ။ သူတို့ခံစစ်မှာ ၂ မီတာအမြင့်ရှိတဲ့ ကစားသမား ၄ ဦးရှိနေတာကြောင့် ဖြတ်တင်ပေးပို့မှုတွေပြုလုပ်ဖို့က ခက်ခဲမှာပါ။
ကျွန်တော်တို့ သူတို့ ကွင်းလယ်နဲ့ ခံစစ်ကြားမှာ ကစားဖို့အတွက် စိတ်ရှည်သည်းခံမှု ပျောက်ဆုံးနေခဲ့တယ်လို့ ထင်တယ်။ ကျွန်တော်တို့ ဖြတ်တင်ဘောတွေအများကြီးလုပ်ခဲ့ပေမယ့် သူတို့က အဲဒီအပိုင်းမှာ တကယ်ကို အားကောင်းနေခဲ့တာ သိသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီထက်အများကြီးပိုပြီး လုပ်ရဦးမှာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
သရဲနီဂန္တဝင်တိုက်စစ်မှူး ဝိန်းရူနီကလည်း ဒတ်ချ်နောက်ခံလူရဲ့ စကားကို သဘောတူခဲ့ပြီး မအောင်မြင်တဲ့ နည်းဗျူဟာက မန်ယူနိုက်တက်အတွက် ကြီးမားတဲ့ပြဿနာဖြစ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
“သူတို့တွေက ဒီညမှာ နိုင်ပွဲရဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့တာကျိန်းသေပြီး အဲဗာတန်က တယောက်လျော့သွားတဲ့အချိန်မှာ သူတို့တွေ ဖိကစားပြီး သက်တောင့်သက်သာနဲ့အနိုင်ရသွားတော့မှာပဲလို့ ခင်ဗျား ထင်မှာပါ။
ဒါပေမယ့် ဒီလစ် ပြောခဲ့သလိုပဲ သူတို့တွေ အရမ်းကို ဖြတ်တင်ဘောတွေပြုလုပ်ခဲ့တယ်။ ဖြတ်တင်ပေးပို့ဖို့ မလိုတဲ့အချိန်တွေမှာတောင် ဖြတ်တင်ပေးခဲ့တယ်။ သူတို့သာ နည်းနည်း ပိုစိတ်ရှည်ပြီး အဲဗာတန်နောက်ခံလူတွေကို နေရာကနေ ထွက်လာအောင် လုပ်နိုင်ခဲ့ရင် သူတို့အတွက် ကြီးမားတဲ့ပြဿနာဖြစ်ခဲ့မှာပါ။”လို့ ပြောဆိုခဲ့ပါတယ်။
ဝိန်း ရူနီက အမိုရင်ကိုလည်း ပြစ်တင်ဝေဖန်ခဲ့ပြီး အဲဗာတန်က တယောက်လျော့သွားချိန်မှာ သူ့ရဲ့ ဗဟိုခံစစ် ၃ ဦးထဲက တစ်ယောက်ကို ဖန်တီးနိုင်စွမ်းရှိတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်နဲ့ အစားထိုးခဲ့သင့်တယ်လို့ ယုံကြည်နေပါတယ်။