ယူနိုက်တက် အတွက် အားရစရာ ဖြစ်ခဲ့တဲ့ ပဲလေ့စ်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ အောင်ပွဲ

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ စနေညကပွဲမှာ ခြေစွမ်းပိုင်း အားရစရာ သိပ်မကောင်းပေမဲ့လည်း ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့အနိုင်ယူပြီး ပရီးမီးယားလိဂ်နိုင်ပွဲ ပြန်ရှာတွေခဲ့ပါတယ်။

အဲဗာတန်ကို ရှုံးတဲ့ပွဲကလိုပဲ အခုပွဲ ပထမပိုင်းမှာ ယူနိုက်တက်အသင်းရဲ့ကစားကွက်က စိတ်ပျက်စရာကောင်းခဲ့ပြီး မက်တက်တာရဲ့ ပယ်နယ်တီဂိုးကြောင့် ၁-၀ ဂိုးနဲ့အနောက်ကနေ လိုက်ကစားခဲ့ရပါတယ်။

ပထမပိုင်း ၁၀ မိနစ်လောက်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖရီးကစ်ကနေ ကတ်စ်မဲရိုး ခေါင်းတိုက်ချက် ဘေးထွက်ခဲ့တဲ့တစ်ကြိမ်သာ ယူနိုက်တက်တို့ ခရစ္စတယ်ပဲလေ့စ် ဂိုးပေါက်ကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ ပထမပိုင်းမှာပဲ ၂ ဂိုး၊ ၃ ဂိုးလောက်အထိ ပြတ်သွားနိုင်တဲ့ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ခဲ့ပြီး မက်တက်တာသာ ဂိုးသွင်းသေချာရင် ဟက်ထရစ်ရသွားနိုင်လောက်ပါတယ်။

ပထမပိုင်း ၃၆ မိနစ်မှာ မက်တက်တာကို ယော်ရို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ယူနိုက်တက် ပယ်နယ်တီပေးခဲ့ရပြီး ဒါကို မက်တက်တာကပဲ ကန်သွင်းခဲ့ပါတယ်။

မက်တက်တာဟာ ဘောလုံးကို ၂ ချက်ထိခဲ့တာကြောင့် ပယ်နယ်တီ ပြန်ကန်ခဲ့ရပြီး အရင်က ပယ်နယ်တီကန်တဲ့သူက ဘောလုံးကို ၂ ချက်ထိရင် ဂိုးမပေးပေမဲ့ ဒီရာသီမှာမှ အဲဒီစည်းမျဉ်း အပြောင်းအလဲဖြစ်သွားလို့ မက်တက်တာ ကံကောင်းသွားပါတယ်။

ခရစ္စတယ်ပဲလေ့စ်ကွင်းမှာ ၁-၀ ဂိုးအရှုံးနဲ့အနောက်ကနေ လိုက်ကစားခဲ့ရလို့ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးပွဲတွေ့ဖို့ နီးစပ်ခဲ့ပေမဲ့ ဒုတိယပိုင်း ၁၈ မိနစ်အတွင်းမှာပဲ ပွဲက မယုံနိုင်လောက်အောင် အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။

၅၄ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ဖရီးကစ်ကနေ ဇာ့ခ်ဇီက ဘောလုံးကို ရင်ဘတ်နဲ့တစ်ချက်ထိန်းပြီးတော့ ကန်သွင်းခဲ့တာဖြစ်ပြီး ဇာ့ခ်ဇီဟာ ၂၀၂၄ ဒီဇင်ဘာလတုန်းက အဲဗာတန်နဲ့ပွဲနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပြန်တွေ့ခဲ့ပါတယ်။ ဒါ့အပြင် ဇာ့ခ်ဇီဟာ ပရီးမီးယားလိဂ် ၂၄ ပွဲအထိ ဂိုးမသွင်းနိုင်တဲ့မှတ်တမ်းနဲ့ ၃၆၄ ရက်ကြာ ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

၆၃ မိနစ်မှာ နောက်တစ်ကြိမ် ဖရီးကစ်ကနေ ဘရူနိုဖာနန်ဒက်စ် ပေးတာကို မေဆင်မောင့်က ကန်သွင်းခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၅၆ ကြိမ်အထိရှိလာပြီဖြစ်လို့ ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်ထက် ၁ ကြိမ် ပိုများသွားပြီဖြစ်သလို သူ့ထက် ဂိုးဖန်တီးမှု ပိုများတာဆိုလို့ ဒေးဗစ်ဘက်ခမ်(၈၀ ကြိမ်)၊ ရွန်နီ(၉၃ ကြိမ်)နဲ့ ရိုင်ယန်ဂစ်(၁၆၂ ကြိမ်)တို့သာရှိပါတယ်။

ယူနိုက်တက်အသင်းဟာ လန်ဒန်ကလပ်တွေနဲ့ ဆုံတွေ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်း နောက်ဆုံး ၂၇ ပွဲမှာ အခုပွဲအပါအဝင် စုစုပေါင်း ၄ ပွဲသာ အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ၂၀၂၄ ဒီဇင်ဘာလအတွင်း မန်စီးတီးကို အနိုင်ရပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲရဲ့ ပထမပိုင်းအပြီးမှာ ၁-၀ ဂိုးနဲ့ရှုံးနိမ့်ပြီးမှ နိုင်ပွဲရခဲ့တာက အခုမှ ပထမဆုံးအကြိမ်ပါပဲ။

ဒါ့အပြင် ယူနိုက်တက်တို့ ခရစ္စတယ်ပဲလေ့စ်ကွင်းမှာ ၂၀၂၀ ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်နိုင်ပွဲ ပြန်လည်ရရှိခဲ့တာဖြစ်ပြီး အခုရှုံးပွဲကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ်အိမ်ကွင်း ရှုံးပွဲမရှိ ပွဲဆက်အများဆုံးစံချိန်က ၁၂ ပွဲမှာပဲ ရပ်တန့်ခဲ့ရပါပြီ။