အာဆင်နယ်ရဲ့ ဒီနွေ ခေါ်ယူမှုကို အထင်ကြီးခြင်းကြောင့် စောင့်ကြည့်လေ့လာနေတဲ့ မန်စီးတီး
မန်စီးတီးအသင်းဟာ နွေဈေးကွက်တုန်းက အာဆင်နယ်အသင်းကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ဘယ်နောက်ခံကစားသမားဖြစ်သူ နူနိုတာဗာရက်စ်ကို အံ့အားသင့်ဖွယ် စိတ်ဝင်စားလျက် ရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေ ဖော်ပြလာပါတယ်။
အသက်(၂၁)နှစ်အရွယ်ရှိ ပေါ်တူဂီဘယ်နောက်ခံကစားသမား တာဗာရက်စ်ဟာ ဘင်ဖီကာအသင်းကနေ အာဆင်နယ်အသင်းဆီကို ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာပဲ ပြောင်းရွှေ့ကြေး ပေါင် (၈) သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။
လက်ရှိ မန်စီးတီးအသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာမှာ ကန်ဆယ်လို ဇင်ချန်ကို မန်ဒီတို့ ရှိနေပေမယ့် ကန်ဆယ်လိုက ညာခြမ်းခံစစ် ကစားသမားတစ်ဦး ဖြစ်တဲ့အပြင် ဇင်ချန်ကိုကလည်း အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတယ်။ မန်ဒီကလည်း လတ်တလောမှာ အမှုကိစ္စတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အသင်းကနေ ထုတ်ပယ်ရဖွယ် ရှိနေတာကြောင့် အခုလို တာဗာရက်စ်ကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

တာဗာရက်စ်ဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၁၄) ပွဲအထိကို ပါဝင်ကစားထားရသူ ဖြစ်ပါတယ်။ တာဗာရက်စ်ဟာ ရာသီအစပိုင်းမှာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသခဲ့ခြင်းကြောင့် မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကိုယ်တိုင်က မျက်စိကျလာခဲ့တယ်လို့ ဗြိတိန်သတင်းစာတွေကနေ ဖော်ပြလာခဲ့ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ တာဗာရက်စ်ကို လာမယ့် ဇန်နဝါရီဈေးကွက်မှာ ကမ်းလှမ်းဖွယ် မရှိနိုင်ပေမယ့်လည်း လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ပြန်လည်ဖွင့်လှစ်ချိန်မှာတော့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ် ရှိနေပါတယ်။