ဒီတိုင်းဆို ပြုတ်မယ် သတိပေးခံရတဲ့ တူချယ်၊ ကီပါနဲ့ မန်ဒီ၊ ကန်တီ၊ ရူဒီဂါတို့နဲ့ ယနေ့ ချဲလ်ဆီး သတင်းများ

ချဲလ်ဆီး နည်းပြတူချယ်က ဂိုးသမား ကီပါကို ချီးကျူးခဲ့ပြီး ကီပါဟာ အားကစားသမားအတွက် အတုယူစရာဖြစ်ကြောင်း၊ ကီပါရဲ့ စိတ်ထားဟာ ကောင်းမွန်မှုရှိပြီး အစွမ်းကုန် ကြိုးပမ်းတတ်သူဖြစ်ကြောင်း၊ ဒါပေမဲ့လက်ရှိမှာတော့ မန်ဒီကသာ ဦးစားပေး ဂိုးသမားဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ နိုင်ပွဲပြန်ရှာကို ရှာရမှာဖြစ်တယ်လို့ မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က သုံးသပ်လိုက်ပြီး လိဒ်စ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရမှာ လို့ ခန့်မှန်းခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်အနေနဲ့ လက်ရှိ အခြေအနေဆိုးကို အမြန်ဆုံး အဖတ်ဆယ်နိုင်ခြင်း မရှိပါက မကြာခင် ဖိအားတွေနဲ့ ရင်ဆိုင်လာရကာ ရာထူးကနေတောင် ထုတ်ပယ်ခံရနိုင်တယ်လို့ အင်္ဂလန် ကစားသမားဟောင်း ဆင်ကလဲယားက သတိပေးလိုက်ပါတယ်။

လိဒ်စ်နဲ့ ရင်ဆိုင်ရမဲ့ပွဲစဉ်မှာ ကွင်းလယ်လူ ကန်တီ ပါဝင်ခြင်း မရှိမဲ့အပေါ် စိုးရိမ်မိတယ်လို့ ချဲလ်ဆီး နည်းပြ တူချယ်က ပြောဆိုလိုက်ပါတယ်။ ကန်တီဟာ အံ့အားသင့်ဖွယ် ကစားသမားမျိုးဖြစ်ပြီး သူ့နေရာမှာ အစားထိုးဖို့ဆိုတာ မလွယ်ကူကြောင်း တူချယ်က ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ နောက်ခံလူ ရူဒီဂါရဲ့ နေရာမှာ အစားထိုးဖို့အတွက် လက်စတာနောက်ခံလူ ဖိုဖာနာကို ပစ်မှတ်ထား နေပါတယ်။ ဖိုဖာနာဟာ ပြီးခဲ့တဲ့ ရာသီကြိုတုန်းက ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဒီတစ်ရာသီလုံးကို လွဲချော်နေရသူ ဖြစ်ပြီး ချဲလ်ဆီးက စိတ်ဝင်စားလျက် ရှိနေတာပါ။

ချဲလ်ဆီးမှာ အငှား လာကစားနေတဲ့ ကွင်းလယ်လူ ဆောနီဂွတ်ဇ်အနေနဲ့ ချဲလ်ဆီးကနေ ထွက်ခွာပြီး အက်သလက်ကို ပြန်လည်ပြောင်းသင့်ကြောင်း ဂလင်းဂျွန်ဆင်က တိုက်တွန်းလိုက်ပြီး ဆောနီဂွတ်ဇ်အနေနဲ့ မကစားရတဲ့အသင်းမှာ ဆက်မနေသင့်တော့ကြောင်း အကြံပြု ခဲ့ပါတယ်။

စူပါအေးဂျင့် ရွိုင်အိုလာအနေနဲ့ ဒေါ့မွန်တိုက်စစ်မူှး ဟာလန်းအနေနဲ့ လာမဲ့နွေရာသီ ပြောင်းနိုင်တဲ့ အသင်းစာရင်းကို ထုတ်ပြောပြောကြားခဲ့ရာမှာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကို ချန်လှပ်ခဲ့ပါတယ်။ ဟာလန်းဟာ ဘိုင်ယန်၊ ဘာစီလိုနာ။ မန်စီးတီး၊ ရီးရဲတို့ကို ပြောင်းနိုင်တယ်လို့ ရွိုင်အိုလာက ဆိုခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ ပဲလေ့စ်မှာ အငှား သွားကစားရင်း ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ဂယ်လင်ဟာကို ပြန်ခေါ်ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

ချဲလ်ဆီးအနေနဲ့ လက်ရှိုမှာ ကွင်းလယ်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတာကြောင့် ဂယ်လင်ဟာကို ပြန်ခေါ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် တူချယ်ကတော့ ဂယ်လင်ဟာရဲ့ ပျော်ရွှင်ရေးက အရေးကြီးဆုံး ဖြစ်တယ် လို့ ဆိုခဲ့တာပါ။