ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပွဲတွေ အတွက် လော်ရိုးကြီးရဲ့ သုံးသပ် ခန့်မှန်းချက်များ

BBC ရဲ့ အားကစား ကလောင်ရှင် လော်ရိုး ကတော့ သူ့ရဲ့ သုံးသပ်ချက်တွေ ကို အခုလိုပဲ ပြောပြသွားခဲ့ ပါတယ်။

ယူနိုက်တက် vs အဲဗာတန်

ကြားရက်မှာ ဗီလာ ရီးရဲ ကို အနိုင်ရဖို့ ယူနိုက်တက်ဟာ အသဲအသန် ကြိုးစားလိုက်ရတယ်လို့ ပြောကောင်း ပြောကြပါလိမ့်မယ်။ ဒါပေမယ့် အရေးအကြီးဆုံး အချက်က ဆိုးရှား ဟာ နိုင်ပွဲတပွဲကို ရအောင် ယူပြသွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ယူနိုက်တက် အသဲအသန် ရုန်းကန်နေရချိန်ကတော့ ကျနော့် အတွေးထဲမှာ “ဒီပွဲများ ဆက်ပြီး ရှုံးလိုက်ရင် 3 ပွဲ ဆက်တိုက် ရှုံးတာမျိုး ဖြစ်တော့မှာပဲ” လို့ တွေးမိခဲ့တာ ၊ နောက်ဆုံးမှာတော့ အားလုံး ရဲ့ အမြင်က ရိုနာဒို ရဲ့ နောက်ဆုံး စက္ကန့် သွင်းဂိုး အကြောင်းပဲ ပုံကြီး ချဲ့သွားကြတယ်လေ။

သူဟာ 5 ပွဲ ကစားပြီး 5 ဂိုး အထိ သွင်းယူထားတာ ဟုတ်ပါတယ်။ လက်ရှိ ယူနိုက်တက် ရဲ့ ပြသနာတွေမှာလဲ သူ့ကြောင့်တော့ မဟုတ်ပါဘူး။ ဆိုင်လဲ မဆိုင်ပါဘူး။

ဒီပွဲဟာ သူတို့ အတွက် အရမ်းကို ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်လာနိုင်ပါတယ် ဘာလို့လဲတော့ ဘင်နီတက်ဇ် ရဲ့ လက်အောက်မှာ အဲဗာတန် က ဘယ်လောက်အထိ တိုးတက်လာနေလဲ ဆိုတာ ကျနော်တို့ မြင်ထားရတာပဲလေ။ ဆိုးရှား အနေနဲ့လဲ မက်ဂွိုင်းယား မပါတဲ့ ခံစစ်ကို သေချာ ပြင်ဆင်ထားရပါလိမ့်မယ်။

မနှစ်က ဘောလုံးရာသီ ကုန်ခါနီးမှာ မက်ဂွိုင်းယား မကစားနိုင်လို့ ရုန်းကန်ခဲ့ရတာမျိုးတွေ ရှိပေမယ့် ၊ ဒီနှစ်မှာတော့ ဗာရန်းကို ခေါ်ယူထားပြီးပါပြီ။ ဒါကြောင့် သူတို့ ခံစစ် ကစားပုံဟာ ဆက်ပြီး တောင့်တင်းနေပါလိမ့်မယ်။

ထပ်ပြောရရင် အဲဗာတန် မှာကလဲ ကယ်ဗတ် လီဝင် ကစားပေးနိုင်ခြင်း မရှိတော့ တိုက်စစ် က အားနည်းနေဦးမှာ အမှန်ပါ။

ခန့်မှန်းချက် – ယူနိုက်တက် 2-0 အဲဗာတန်

ချဲဆီး vs ဆောက်သမ်တန်

ချဲဆီး ဟာ နောက်ဆုံး ကစားခဲ့တဲ့ မန်စီးတီး ၊ ယူဗင်တပ် အသင်းတွေ နဲ့ ပွဲတွေမှာ နှစ်ပွဲ စလုံးရှုံးနိမ့်ထားပေမယ့် ၊ ဒါဟာ သူတို့ရဲ့ ဟန်နီးမွန်း ခရီး အဆုံးသတ်သွားပြီလို့ ပြောလို့ မရသေးပါဘူး။

ဒီပွဲမှာတော့ သောမတ် တူချယ်ဟာ သူ့ကစားသမားတွေ ဆီကနေ အများကြီး တောင်းဆိုမှုတွေ လုပ်ပါလိမ့်မယ်။ ဒီပွဲမှ ထပ်ပြီး ရှုံးရင်တော့ တော်တော်ကြီးကို အံ့အားသင့်သွားမိမှာပါ။ ဆောက်သမ်တန် ရဲ့ ကစားပုံက တချို့ ပွဲတွေမှာ တော်တော်လေး ကောင်းမွန်ပေမယ့် ၊ နိုင်ပွဲ တပွဲရဖို့တောင် လုံလောက်မှု မရှိသေးပါဘူး။

ထပ်ပြောရရင် သူတို့ဟာ မန်စီးတီး အိမ်ကွင်းမှာ အမှတ်ခွဲယူနိုင်ခဲ့တဲ့ ပုံစံမျိုး နဲ့ ချဉ်းကပ်လာနိုင်ပါတယ်။ ဒါပေမယ့် တမှတ်ဆိုတာ သူတို့ အတွက် အမြင့်ဆုံး မျှော်လင့်ထားလို့ရတဲ့ အခြေအနေပါ။ ကျနော်တော့ ရမယ်တောင် မထင်ပါဘူး။

ခန့်မှန်းချက် – ချဲဆီး 3-0 ဆောက်သမ်တန်

ဘရိုတ်တန် vs အာဆင်နယ်

တနင်္ဂလာနေ့ ညက ဘရိုတ်တန်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်နိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့ပေမယ့် ၊ ပဲလေ့ ကို နောက်ဆုံးမီးနစ်မှာ အမှတ်ခွဲယူနိုင်တဲ့ စွမ်းဆောင်ရည်က သူ့တို့ရဲ့ ယုံကြည်မှုတွေကို အမြင့်ဆုံး အထိ ဆွဲဆန့်ထားဦးမှာပါ။

ဒီရာသီ ဘရိုတ်တန် ရဲ့ ခြေစွမ်းက ချီးကျူးလောက်ပါတယ်။ ဒါပေမယ့် အာဆင်နယ် ကလဲ ပြန်ပြီး နိုင်ပွဲတွေ ဆက်နေတာဗျ။

စပါး ကို အနိုင်ရလိုက်လို့ အာဆင်နယ် ရဲ့ ပုံစံက အများကြီး ပြောင်းလဲ သွားမှာ မဟုတ်ပေမယ့် ၊ သူတို့ဟာ ခြေစွမ်းတည်ငြိမ်မှုတွေ ဆက်ထိန်းထားနိုင်အောင်တော့ ကြိုးစားလာမှာပါ။ ဒီပွဲမှာ အာတေးတား ပဲ ပြုံးပျော်သွားဦးမယ် ထင်ပါတယ်။

ခန့်မှန်းချက် – ဘရိုတ်တန် 0-2 အာဆင်နယ်

လီဗာပူး vs မန်စီးတီး

မန်စီးတီး ဟာ ပီအက်စ်ဂျီ ကို ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် ၊ ခြေစွမ်း အရတော့ ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ချဲဆီးကို အနိုင်ယူပြခဲ့တဲ့ ပွဲလောက်တော့ အရေးမပါသေးပါဘူး။ အခု အန်ဖီးလ်မှာ ထပ်ပြီး ကစားရမယ့် အချိန် ရောက်လာပါပြီ။

ကလော့ပ် ကလဲ ကြားရက်မှာ မန်စီးတီးလို တောင့်တင်းတဲ့ ပြိုင်ဘက် မဟုတ်တဲ့ ပေါ်တို ကို ဂိုးပြတ်နဲ့ အနိုင်ကစားပြထားပါတယ်။

ဒီပွဲအတွက် ကျနော် ကိုယ်တိုင် အန်ဖီးလ် မှာ ရှိနေမှာပါ။ ဒီလို ပွဲမျိုးဆိုတာ ပြိုင်ဆိုင်မှု အားပြင်းပြင်း နဲ့ကစားကြတာ ဖြစ်ပြီး ၊ အသွေးအဖွဲ အမှားလေးတွေ ကနေ တဆင့် အဆုံးအဖြတ် ပေးသွားတာ ဖြစ်ပါတယ်။

ခန့်မှန်းချက် – လီဗာပူး 1-1 မန်စီးတီး

အခြားပွဲ ခန့်မှန်း ရလာဒ်များ

  • ဘန်လေ 2-1 နော့ဝှစ်ချ်
  • လိဒ် 2-0 ဝက်ဖို့ဒ်
  • ဝုဖ် 2-1 နယူး
  • ပဲလေ့ 0-2 လက်စတာ
  • စပါး 2-1 ဗီလာ
  • ဝက်စ်ဟမ်း 2-0 ဘရန်းဖို့ဒ်