အာဆင်နယ်ရဲ့ စည်းကမ်းတွေကို ဆက်တိုက် ချိုးဖောက်နေတဲ့ အူဘာမီယန်း

အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ စည်းကမ်းပိုင်း ချိုးဖောက်မှုကြောင့် လူစာရင်းကနေ ဖယ်ထုတ်ခြင်း ခံခဲ့ရပါတယ်။

နည်းပြ အာတီတာက ဆောက်သမ်တန် ပွဲကြို အင်တာဗျူးမှာ အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းဟာ စည်းကမ်းချိုးဖောက်မှုကြောင့် လူစားရင်းက ချန်လှပ်ခံခဲ့ရတာပါလို့ ပြောပြခဲ့တယ်။

အူဘာမီယန်းဟာ ပုဂ္ဂိုလ်ရေး ကိစ္စ တစ်ခုကြောင့် ခရီးထွက်ခဲ့ပေမယ့် သတ်မှတ် အချိန်မှာ အသင်းနဲ့ ပြန်လည် ပူးပေါင်း နိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် အခုလို လူစာရင်းကနေ ချန်လှပ်ခံရတာလို့လည်း အင်္ဂလန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

” အူဘာမီယန်း ပါဝင်လာခြင်း မရှိတာက စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုကြောင့်ပါ။ ကျွန်တော်တို့ ချမှတ်ထားတဲ့ စည်းကမ်းနဲ့ ပတ်သက်ရင် ဘယ်သူ့ကိုမှ အခွင့်ထူးပေးမှာ မဟုတ်ပါဘူး။ ဒီလို ကျင့်သုံးနေတာလည်း ကြာပါပြီ။ အဲ့ဒါကြောင့် သူ ဒီနေ့ မပါနိုင်ခဲ့တာပါ။

အခု အခြေအနေက လွယ်ကူတဲ့ အခြေအနေ တစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ကိုယ့်အသင်း ခေါင်းဆောင် ပါဝင် ကစားစေချင်ပေမယ့်လည်း ပေါ့ဗျာ ” လို့ ပြောကြားခဲ့ပါတယ်။

အူဘာမီယန်း နောက်ကျမှ ပြန်လာခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး စီမံဆောင်ရွက်မှုတွေအပေါ် ဂယက်ရိုက်မှု ဖြစ်စေခဲ့တယ်လို့လည်း သိရပါတယ်။ အာဆင်နယ် အသင်း နည်းပြ အာတီတာဟာ အရင်တုန်းကလည်း အူဘာမီယန်းကို လူစာရင်းကနေ ချန်လှပ်ခဲ့ဖူးပါတယ်။

အူဘာမီယန်းဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ပိုင်း ကျဆင်းနေမှုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင် နေရသူ ဖြစ်ပါတယ်။ အူဘာမီယန်းဟာ သူပါဝင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ နောက်ဆုံး ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပါဘူး။

အဓိက တိုက်စစ်မှူး မပါခဲ့ပေမယ့် ဆောက်သမ်တန်နဲ့ ပွဲမှာ အာဆင်နယ်အသင်းဟာ လာကာဇက်၊ အိုဒီဂတ်၊ ဂါဘရီယဲလ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။