အာဆင်နယ်နဲ့ ကပ်လွဲခဲ့တဲ့ ရန်းနစ်၊ စိန့်တွေကို နိုင်တဲ့ပွဲအပြီး မှတ်တမ်းများနဲ့ ယနေ့ည အာဆင်နယ် သတင်းများ

ဆောက်သမ်တန်ကို နိုင်တဲ့ပွဲအပြီးမှာ အာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၈ ပွဲ နိုင်ထားရာမှာ ၇ ပွဲက အမှတ်ပေးဇယား အောက်ပိုင်းက အသင်းတွေကို အနိုင်ရခဲ့တာ ဖြစ်ပြီး အဲ့ဒီအထဲမှ ငါးသင်းဟာ အမှတ်ပေး ဇယား အောက်ဆုံးက အသင်း ၅ သင်း ဖြစ်ပါတယ်။

တယ်လီဂရပ်ရဲ့ ဂျာနယ်လစ်ဖြစ်သူ ဆန်ဒန်းက ဆောက်သမ်တန်နဲ့ပွဲက အာဆင်နယ်ရဲ့ ဒုတိယပိုင်းစွမ်းဆောင်ရည်ဟာ ဒီရာသီ သူတို့ရဲ့ အကောင်းဆုံး စွမ်းရည်တွေထဲကတစ်ခုဖြစ်ကြောင်း၊ အာဆင်နယ်ဟာ နိုင်လိုစိတ်ပြင်းပြခဲ့ပြီး ရမ်ဒေးလ်နဲ့ အိုဒီဂတ်တို့က တောက်ပခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီရာသီ ဂိုးတိုင်ထိတဲ့ အကြိမ် ၁၀ ကြိမ် အထိ ရှိထားပြီး တခြား ပရီးမီးယားလိဂ် အသင်း အားလုံးထက် ဂိုးတိုင် ပိုထိထားပါတယ်။

အာဆင်နယ်ဂိုးသမား လီနိုက သူ့အနေနဲ့ အသင်းရဲ့ ဂန္ထဝင်ဂိုးသမားကြီး လေမန်းနဲ့ အမြဲတမ်းအဆက်သွယ်ရှိကြောင်း၊ သူ့ အနေနဲ့ နံပါတ်တစ်ဂိုးသမားနေရာ ပျောက်ဆုံးပြီးနောက် လေမန်း က ဖုန်းဆက်ကာ အဆင်ပြေလားလို့ မေးမြန်းခဲ့ကြောင်း၊ လေမန်းဆီက သင်ယူခဲ့ရတာတွေကို ဘယ်တော့မှမေ့မှာမဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဝက်ဖို့ဒ်တိုက်စစ်မှူး ဒင်းနစ်က သူ့အနေနဲ့ ငယ်စဉ်က ဖာဘရီဂတ်စ်ကြောင့် အာဆင်နယ် ပရိသတ်ဖြစ်လာခဲ့ကြောင်း၊ ဒါပေမဲ့ လက်ရှိမှာတော့ အာဆင်နယ်ကို အားပေးတော့မှာဖြစ်ကြောင်း၊ အာဆင်နယ်ရဲ့ ရှုံးနိမ့်မှုတွေက သူ့ကို နာကျင်စေပြီး ဒါက ကျန်းမာရေးအတွက် မကောင်းကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် အသင်း ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ထောင့်ကန်ဘောကနေ ဂိုးအများဆုံး သွင်းထားနိုင်တဲ့ အသင်း( ၆ ဂိုး) အဖြစ် ပူးတွဲ ရပ်တည် နေပါတယ်။

စပါးနည်းပြဟောင်း တင်ရှားဝုဒ်က စည်းကမ်းပိုင်း ချိုးဖောက်ခဲ့လို့ ပွဲထွက်စာရင်းက ချန်လှပ်ခံရတဲ့ အူဘာမီယန်ရဲ့ လုပ်ရပ်က လုံး၀ မလေးစားရာရောက်ကြောင်း၊ အသင်းနည်းပြက ဖိအားဝင်နေချိန်မှာ အူဘာလို အသင်းခေါင်းဆောင် အနေနဲ့ အပြည့်အ၀ အာရုံစိုက်ထားရမှာဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

လက်ရှိ မန်ယူနည်းပြရန်နစ်အနေနဲ့ အိုဇေးလ်ကြောင့် အာဆင်နယ် နည်းပြ မဖြစ်လာခဲ့တာလို့ Kicker က ဖော်ပြထားပါတယ်။

အာဆင်နယ်အနေနဲ့ အာဆင်ဝင်းဂါး မရှိတော့ချိန်မှာ ရန်နစ်ကို ခန့်အပ်ဖို့ စီစဉ်ခဲ့ပြီး ရန်နစ်ကိုယ်တိုင်ကလည်း အာဆင်နယ်ကို ကိုင်တွယ်ဖို့ စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အာဆင်နယ်အနေနဲ့ ရန်နစ်ကို အိုဇေးလ်ရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ကိုင်တွယ်ခွင့် မပေးခဲ့တာကြောင့် ရန်နစ်က ဒါကိုသဘောမတွေ့ဘဲ အာဆင်နယ်ကို မကိုင်တွယ်ခဲ့တာပါ။