အိုဆာဆူနာကို သရေကျခဲ့ပြီး မှတ်တမ်းကောင်းကော မှတ်တမ်းဆိုးပါ ပိုင်ဆိုင်ခဲ့တဲ့ ဘာစီလိုနာ
တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားတဲ့ အိုဆာဆူနာနဲ့ပွဲမှာ ဘာစီလိုနာဟာ နှစ်ကြိမ်တိုင် ဦးဆောင်ဂိုး ရယူခဲ့ပေမယ့် ခြေပဂိုးတွေ ပေးခဲ့ရမှုနဲ့အတူ ပွဲအပြီးမှာ ၂-၂ ရလဒ် ထွက်ပေါ်ပြီး ရမှတ်တွေ ဆုံးရှုံးခဲ့ပြန်ပြီဖြစ်ပါတယ်။
လာလီဂါ အဝေးကွင်းပွဲစဉ်မှာ ဘာစီလိုနာအသင်း ရရှိခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကို နီကိုဂွန်ဇာလက်ဇ်နဲ့ အက်ဇယ်ဇူလီတို့က သွင်းယူပေးခဲ့တာဖြစ်တယ်။ ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတဲ့ အသင်းသား နှစ်ဦးက ဂိုးရယူပေးခဲ့တာကြောင့် ၂၁ ရာသီစုအတွင်း လာလီဂါပွဲတွေမှာ ဆယ်ကျော်သက် ကစားသမားနှစ်ဦးက ဂိုးရယူနိုင်ခဲ့တဲ့ မှတ်တမ်းကို ဘာစီလိုနာအသင်း ပိုင်ဆိုင်ခဲ့ပါတယ်။
နီကိုဂွန်ဇာလက်ဇ်နဲ့ အက်ဇယ်ဇူလီ တို့ဟာ အသက် ၁၉ နှစ်အရွယ်တွေဖြစ်ကြပြီး နှစ်ဦးလုံးက ဘာစီလိုနာ အရန်အသင်းကနေ စီနီယာအသင်းထံ ရောက်လာခဲ့ကြခြင်းဖြစ်ပါတယ်။ ဂွန်ဇာလက်ဇ်ရဲ့ သွင်းဂိုးအတွက် ဖန်တီးမှုလုပ်ပေးတဲ့ ၁၇ နှစ်သား ဂါဘီကလည်း ဘာစီလိုနာ အကယ်ဒမီထွက်ဖြစ်ပါတယ်။

နာမည်ကျော် လာမာစီယာ လူငယ်အကယ်ဒမီကို ပိုင်ဆိုင်ထားတဲ့ ဘာစီလိုနာဟာ နည်းပြသစ် ဇာဗီနဲ့အတူ အသင်းရဲ့ DNA တွေကို ပြန်လည် ဖော်ထုတ်ဖို့ ကြိုးစားလာနေတာပါ။ ၂၁ ရာစုအတွင်း ပွဲစဉ်တစ်ပွဲမှာ ဆယ်ကျော်သက်ကစားသမား (၂)ဦး တစ်ပြိုက်နက် ဂိုးသွင်းနိုင်ခြင်းမှာ ဘာစီလိုနာအတွက်လည်း ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။
ဘာစီလိုနာဟာ နည်းပြ ဇာဗီလက်ထက် ပြိုင်ပွဲစုံ (၆)ပွဲတွင် (၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂)ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်နေပြီးး နိုင်ပွဲရာခိုင်နှုန်း (၃၃.၃%)သာရှိထားပါတယ်။ ဒါကြောင့် ၂၁ ရာစုအတွင်း ပထမဆုံးကိုင်တွယ်သည့် ပြိုင်ပွဲစုံ ပွဲစဉ် (၆)ပွဲမှာ နိုင်ပွဲရယူပေးနိုင်စွမ်း အနည်းဆုံး ဘာစီလိုနာနည်းပြ ဇာဗီက မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။