ရေစက်မကုန်ဘဲ ချန်ပီယံလိဂ် ရှုံးထွက်မှာ ထိပ်တိုက်ပြန်တွေ့ကြတဲ့ မက်ဆီနဲ့ ရော်နယ်ဒို
ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ပွဲစဉ်များအတွက် မဲခွဲဆုံးဖြတ်မှု ရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီး ဘောလုံးပရိသတ်အကြိုက် ပွဲစဉ်တွေ ပါဝင်လာခဲ့ပါတယ်။
၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေအားလုံး ကျင်းပပြီးစီးသွားချိန်မှာ (၁၆)သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေအတွက် မဲခွဲဆုံးဖြတ်မှုတွေကို ဒီကနေ့မှာပဲ ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။
မဲခွဲမှုမှာတော့ အင်္ဂလန်ကလပ် မန်ယူအသင်းဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ ထိပ်တိုက်တွေ့နေခဲ့ပါတယ်။ ဒါကြောင့် ဒီနွေကမှ အသင်းသစ်တွေထံ ကူးပြောင်းခဲ့ကြတဲ့ ကမ္ဘာအကောင်းဆုံး ပြိုင်ဘက်နှစ်ဦးတွေဖြစ်ကြတဲ့ ရော်နယ်ဒို၊ မက်ဆီတို့ဟာ ပြိုင်ဘက်တွေအဖြစ် ပြန်လည် ထိပ်တိုက်တွေ့ကြမှဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ပြိုင်ဘက်တွေအဖြစ် ၃၆ ကြိမ် ထိပ်တိုက်တွေ့ထားကာ မက်ဆီရဲ့အသင်းက ၁၆ ကြိမ် အနိုင်ရပြီး ရော်နယ်ဒိုရဲ့အသင်းက ၁၁ ကြိမ် အနိုင်ရထားခဲ့တယ်။ ဒီပွဲတွေမှာ မက်ဆီက ၂၂ ဂိုး သွင်းယူပြီး ရော်နယ်ဒိုက ၂၁ ဂိုး သွင်းယူထားဖူးတဲ့ မှတ်တမ်းလည်း ရှိထားပါတယ်။
၁၆ သင်းအဆင့် ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီလနဲ့ မတ်လထဲမှာ ကစားမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ မှာ စတင်ပြီး မတ်လ ၁၆ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
Update – မဲခွဲရာမှာ နည်းစနစ်ပိုင်း အမှားယွင်းတွေ ရှိခဲ့တာကြောင့် ပြန် မဲခွဲမှာ ဖြစ်တယ်လို့ ယူအီးအက်ဖ်အေက အတည်ပြုလိုက်ပါတယ်။ ဒီည မဲပြန်ခွဲမှာပါ။