VAR ကြည့် ပြန်ကန်ရသလို ဖီးလ်အောက်သွားခဲ့ရတဲ့ ချန်ပီယံလိဂ် ဒုတိယအကြိမ် မဲခွဲ ရလဒ်များ
အမှားတွေ လုပ်ခဲ့ပြီး ဝေဖန်မှုတွေ တော်တော်လေးပြင်းထန်ခဲ့တဲ့ ပထမအကြိမ် မဲခွဲပွဲရလဒ်ကို ယူအီးအက်ဖ်အေက ဖျက်သိမ်းပြီး လက်ရှိအချိန်မှာတော့ နောက်တကြိမ် ပြန်လည်မဲခွဲခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုနဲ့ဘိုင်ယန်မြူးနစ်၊ PSG နဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံမှုမှာ မသမာမှုတွေရှိခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး အသင်းတွေကလည်း တိုင်ကြား ခဲ့တာကြောင့် အခုလိုမျိုး ဒုတိယအကြိမ်မဲခွဲပွဲကို ပြန်လည် ကျင်းပခဲ့တာပါ။

ဒီတကြိမ် မဲခွဲမှုမှာတော့ ဆဲလ်ဘာ့ဂ်က ဘိုင်ယန်မြူးနစ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ဘိုင်ယန်မြူးနစ်အတွက်ကတော့ ပွဲချောင်သွားခဲ့တယ် လို့ ဆိုရမှာပါ။ ပထမအကြိမ်မှာ ဘိုင်ယန်မြူးနစ်က အက်သလက်တီကိုနဲ့ တွေ့ခဲ့ပြီး အဲ့ဒီနေရာမှာ အက်သလက်တီကိုအတွက် မဲမသမာမှုရှိခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
မန်စီးတီးကတော့ ပွဲချောင်ဆဲဖြစ်ပြီး ဒီတကြိမ်မှာ စပို့တင်းလစ္စဘွန်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မန်စီးတီးဟာ ပထမ အကြိမ်က ဗီလာရီးရဲယ်နဲ့ ထိပ်တိုက်တွေ့တာဖြစ်ပြီး အခုတကြိမ်မှာတော့ စပို့တင်းလစ္စဘွန်းနဲ့ ပြန်လည်တွေ့ဆုံခဲ့တာပါ။
ဒါ့အပြင် ဘင်ဖီကာနဲ့ အေဂျက်စ်တို့ ထိပ်တိုက်တွေ့ခဲ့ပြီး ဘင်ဖီကာက ပထမအကြိမ်မှာ ရီးရဲယ်မက်ဒရစ်၊ အေဂျက်စ်က အင်တာမီလန်နဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။
ချဲလ်ဆီးကတော့ ပထမအကြိမ်က တွေ့တဲ့အတိုင်းပဲ လိုင်လီနဲ့ ပြန်တွေ့ခဲ့ပြီး လက်ရှိ ပွဲစဉ်တွေထဲမှာ အချောင်ဆုံး ဖြစ်ခဲ့တယ်လို့ ဆိုရမှာလည်းဖြစ်ပါတယ်။
ပထမအကြိမ်မှာ PSG နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ယူနိုက်တက်ကတော့ ဒီတကြိမ်မှာလည်း အသင်းကြီးနဲ့ပဲ ထိပ်တိုက် တွေ့ခဲ့ပြီး အက်သလက်တီကိုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ပထမအကြိမ် မဲနှိုက်ခဲ့တုန်းက အက်သလက်တီကိုအတွက် ယူနိုက်တက်နာမည်ပါဝင်တဲ့ ဘောလုံးကို ချန်လှပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ တွေ့ခဲ့တဲ့ အက်သလက်တီကို ကတော့ အခုလိုပဲ ဒုတိယအကြိမ်မှာ ယူနိုက်တက်နဲ့ တွေ့ခဲ့တာပါ။
ပထမအကြိမ်မှာ စပို့တင်းလစ္စဘွန်းနဲ့တွေ့ပြီး ပွဲနည်းနည်းချောင်ခဲ့တဲ့ ဂျူဗင်တပ်စ်ကတော့ ပွဲ နည်းနည်းကြပ်သွားခဲ့ပြီး ဗီလာရီးရဲယ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီလည်းဖြစ်ပါတယ်။
ဆဲလ်ဘတ် နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ လီဗာပူးကလည်း ဒုတိယအကြိမ် မဲခွဲမှုမှာတော့ ပွဲနည်းနည်း ပိုကျပ်သွားပြီလို့ ဆိုနိုင်ပြီး စီးရီးအေကလပ် အင်တာမီလန်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ပထမအကြိမ်မဲခွဲတုန်းက ဘင်ဖီကာနဲ့တွေ့ပြီး တော်တော်ကြီးပွဲချောင်ခဲ့တဲ့ ရီးရဲယ်မက်ဒရစ်ကတော့ PSG နဲ့ ထိပ်တိုက် တွေ့သွားခဲ့ပြီး ပွဲကျပ်တပွဲကို ရင်ဆိုင်ရတော့မှာပါ။ ရီးရဲယ်မက်ဒရစ်ဟာ သူတို့ပွဲစဉ်ကို ချန်လှပ်ပြီး မဲပြန်နှိုက်ဖို့ အကြောင်းကြားခဲ့ပေမယ့် ယူအီးအက်ဖ်အေဘက်က လက်မခံဘဲ အခုလို အစအဆုံး မဲပြန်ခွဲခဲ့တာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်၊ ဒီနှစ် ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် မဲခွဲပွဲကတော့ နှစ်ကြိမ်မဲပြန်နှိုက်ခဲ့ရပြီး ပြိုင်ပွဲသမိုင်းမှာ ထူးထူးခြားခြားနဲ့ ပြောစရာ ဝေဖန်စရာ အများပြားဆုံး အခြေအနေ တရပ်လည်းဖြစ်ခဲ့ပါတယ်။ ဘောလုံး ပိုက်ထဲ ဝင် ဂိုးပြီးကာမှ VAR ပြန်ကြည့်ခံရတဲ့ ဖီးလ်အောက်မှုမျိုးလည်း ဘောလုံး ပရိသတ်တွေ ခံစားခဲ့ရပါတယ်။