ဂိုးပြတ်နိုင်ပွဲတွေ ရခဲ့ကြတဲ့ မန်စီးတီးနဲ့ ဗီလာ၊ ရစ်ချာလီဆန်၊ အလီ၊ ကာဗာနီတို့နဲ့ ယနေ့ နံနက်ခင်း သတင်းများ

ဒီမနက် အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ မန်စီးတီးအသင်းက လိဒ်အသင်းကို အိမ်ကွင်းမှာ ၇ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး အက်စ်တွန်ဗီလာ အသင်းကလည်း နော့ဝှစ်ချ်ကို အဝေးကွင်းမှာ ၂ ဂိုးပြတ် အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ နောက်နွေရာသီမှာ ရူဒီဂါကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး အကောင်းမြင်စရာ အနေအထားရှိနေပေမယ့် နောက်ခံလူနဲ့ ချယ်ဆီးအသင်းကြား ဆွေးနွေးဦးမှာ ဖြစ်ပါတယ်။

လိဒ်ကို ၇ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ပွဲမှာ မန်စီးတီးအသင်းဟာ ဂွာဒီယိုလာ လက်အောက် ပရီးမီးယားလိဂ် သွင်းဂိုး ၅၀၀ ပြည့်မြောက်ခဲ့ပြီး ယခုရလဒ်အတွက် ပွဲပေါင်း ၂၀၇ ပွဲသာ ကစားဖို့ လိုအပ်ခဲ့တာ တွေ့ရပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်နဲ့ ပတ်သက်ပြီး ဥရောပ ထိပ်တန်းကလပ် ငါးသင်းက စုံစမ်းမှု လုပ်ခဲ့တယ်လို့ သူ့ရဲ့ ဖခင်ဖြစ်သူက ပြောပြခဲ့ပေမယ့် ဆိုးရွားတဲ့ ရာသီဥတုကြောင့် ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့တော့ မဖြစ်နိုင်လောက်ဘူးလို့ သိရပါတယ်။

စပါးနည်းပြသစ် အန်တိုနီယို ကွန်တီရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တဲ့ အင်္ဂလန်ကွင်းလယ်လူ ဒယ်လီ အလီရဲ့ စပါးကစားသမားဘဝဟာ မကြာခင်မှာ အဆုံးသတ်ရတော့မှာ ဖြစ်ကာ အသင်းသစ်ထံ ကူးပြောင်းရဖွယ် ရှိနေပါတယ်။

အဲဗာတန်အသင်းဟာ ၎င်းတို့ရဲ့ အဓိကတိုက်စစ်မှူး ရစ်ချာလီဆင်ကို ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အချိန်အတော်ကြာ ထည့်သွင်း ကစားနိုင်ဦးမှာ မဟုတ်ကြောင်း သိရပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ လက်ရှိ ဒဏ်ရာကြောင့် အနားယူနေရတဲ့ လီဗာပူးလ် လူငယ်နောက်ခံကစားသမား ဖီးလစ်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း ခေါ်ယူနိုင်ဖို့ အဓိကထား ကြိုးစားသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

မာရှယ်ဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာချင်တယ်လို့ အေးဂျင့်ဖြစ်သူက ဖွင့်ဟခဲ့တဲ့နောက် မန်ချက်စတာ ယူနိုက်တက် နည်းပြ ရန်းနစ်က မာရှယ်အနေနဲ့ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး မိမိကို ဒါမှမဟုတ် ကလပ်ကို ပြောပြသင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ချဲလ်ဆီးအသင်း နောက်ခံအစွန်လူ ဘင်ချီဝဲလ်တစ်ယောက် ပြန်လည်သက်သာလာခဲ့ပြီ ဖြစ်သလို အပေါ့စား လေ့ကျင့်ခန်းတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

မန်ယူ ကာဗာနီဟာ မန်ချက်စတာ ကနေ ထွက်ခွာဖို့ နီးစပ်နေပြီး ဘရာဇီးကို ပြောင်းရွှေ့ဖို့ အလားအလာရှိတယ်လို့ ၎င်းရဲ့ အကိုဖြစ်သူက ပြောပြခဲ့ပါတယ်။ ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ ဘရာဇီးကလပ် ကိုရင်သီယန်တို့ က တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။