မန်စီးတီး၊ ချယ်ဆီး၊ လီဗာပူးကို သတိပေးစကား ပြောလိုက်တဲ့ မန်ယူတိုက်စစ်မှူးဟောင်း

သရဲနီတိုက်စစ်သမားဟောင်း ပေါလ်အင့်က ဒီရာသီမှာ ယူနိုက်တက်က ထိပ်ဆုံး လေးသင်းထဲ ဝင်ခွင့်ထက်ပိုပြီး မျှော်လင့်လို့ ရနိုင်တဲ့ အသင်းတစ်သင်းပါလို့ ထုတ်ပြောလိုက်ပါတယ်။

ရာသီအစ ခက်ခဲမှုတွေအရ ယူနိုက်တက်ကို ပြိုင်ဘက်တွေက လျော့တွက်နေကြပေမယ့်လို့ ဒီနွေမှာ စုဆောင်းထားတဲ့ ကစားသမားတွေနဲ့ အသင်းလူစာရင်းတွေအရ ယူနိုက်တက်မှာ တစ်ခုခု ထူးထူးခြားခြားဆိုတာမျိုး လုပ်ပြနိုင်တဲ့ စုဖွဲ့မှု ရှိနေပါတယ်လို့ သရဲနီဟောင်းကြီးက ယုံကြည်နေတာဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်က ထိပ်ဆုံး ၄ နေရာ ဝင်ခွင့်အတွက် ပြန်လည် ဦးမော့လာခဲ့တာ ဖြစ်ကာ အနီးအနားက ပြိုင်ဘက်တွေဖြစ်တဲ့ ဝက်ဟမ်း၊ အာဆင်နယ်၊ စပါးတို့နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပိုတောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတယ်လို့ သရဲနီဟောင်းက မြင်ပါတယ်။

ထိပ်ဆုံး ၃ သင်းထဲက တစ်သင်းသင်း ခြေချော်မယ်ဆိုရင် ယူနိုက်တက်က အဆင့် ၃ နေရာထိပါ တက်လာနိုင်ကြောင်းလည်း သုံးသပ်ခဲ့တယ်။

” မနှစ်ကရာသီမှာ ယူနိုက်တက်က ဒုတိယနေရာက ရပ်တည်ခဲ့တယ်။ သူတို့က ဗာရန်း၊ ရော်နယ်ဒိုနဲ့ ဆန်ချိုတို့လို ကမ္ဘာအဆင့် ကစားသမားတွေကို ခေါ်ယူခဲ့တယ်။ အသင်းလူစာရင်းက ကြည့်မယ်ဆိုရင် ယူနိုက်တက်က အာဆင်နယ်၊ စပါးနဲ့ ဝက်ဟမ်းတို့ထက် ပိုတောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။

အဆင့် လေးနေရာအတွက် ပြိုင်ဆိုင်မှုက ကြပ်တည်းနေပေမယ့် ယူနိုက်တက်က ကောင်းမွန်တဲ့ ပွဲစဉ်ဇယားတွေကို ယှဉ်ပြိုင်ရတော့မှာပါ။ သူတို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ်လို့တော့ မပြောလိုပေမယ့် အဆင့်လေးနေရာတော့ ရသင့်ပါတယ်။

အကယ်လို့ ချယ်ဆီး၊ မန်စီးတီးနဲ့ လီဗာပူး တစ်သင်းသင်းက ခြေချော်မယ်ဆိုရင် ယူနိုက်တက်က တတိယနေရာ ဝင်မယူနိုင်ဘူးလို့ကော ဘယ်သူ သိနိုင်မှာလဲ။

ယူနိုက်တက်က လိဂ်မှာ ထိပ်ဆုံး လေးသင်းနေရာက အဆုံးသတ်ဖို့၊ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့၊ အက်ဖ်အေ သို့မဟုတ် ချန်ပီယံလိဂ်ဖလား တစ်ခုခုကို အနိုင်ရဖို့ ရည်မှန်းထားပါလိမ့်မယ် ” လို့လည်း ပေါလ်အင့်က သုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။