လူငယ်တွေနဲ့ ဂန်းနားတို့ နိုင်ပွဲ၊ ပေါ့ဘာကို ငြင်းတဲ့ ဘာစီလိုနာ၊ ဟာလန်း ရီးရဲလ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ
မန်စီးတီးနဲ့ အက်သလက်တီကို ကစားသမားဟောင်း လက်ရှိ ဘာစီလိုနာ တိုက်စစ်မှုး အဂွယ်ရိုဟာ နှလုံးကျန်းမာရေး မကောင်းတာကြောင့် ဘောလုံး ကစားခြင်းက အနားယူပြီ ဖြစ်တယ်လို့ တရားဝင် ကြေငြာသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ညက ဝက်စ်ဟမ်းနဲ့ ရင်ဆိုင် ကစားရာ မာတင်နယ်လီ၊ ဆာကာတို့ သွင်းဂိုးတွေနဲ့ အတူ ၂-ဝ နဲ့ အနိုင်ရခဲ့ကာ အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာထိ ရောက်လာခဲ့ပါတယ်။ လာကာဇက်က ပင်နယ်တီ လွဲချော်ခဲ့သေးပေမယ့် လူငယ်တွေ အစွမ်းနဲ့ ဂန်းနားတို့ ၃မှတ်ပြည့် ရခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ ချယ်ဆီ ဘယ်စွန်ခံစစ်သမား လူငယ်လေး အီရန် မက်ဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက် ၁၉ နှစ်အရွယ် လူငယ်လေးဟာ လက်ရှိမှာ ကွန်ဗန်ထရီကလပ်မှာ အငှား သွားရောက် ကစားနေတာပါ။
ရီးရဲလ်မက်ဒရစ်ဟာ ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို ခေါ်ယူရေးမှာ နောက်ဆုတ်သွားတာတော့ မဟုတ်ဘဲ လူသိရှင်ကြား အတင်း ဝင် ကြိုးစားတာမျိုး မလုပ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ကြောင်း စပိန် မာကာ သတင်းဌာနက ဆိုပါတယ်။ ဒါ့အပြင် ရီးရဲလ်က ဘန်ဇီမာ နေရာ အစားထိုးဖို့ အမ်ဘတ်ပီကိုသာ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။
လီဗာပူနည်းပြကလော့က သူ့အနေနဲ့ သတင်းတွေ ထွက်ပေါ်နေသလို နောက်ခံလူ ဂိုမက်ဇ်ကို အငှားချဖို့ အစီအစဉ် မရှိဘူးလို့ ဆိုလိုက်ပြီး ဒီနှစ်က ဂိုးမက်ဇ်အတွက် အကောင်းဆုံးနှစ် မဟုတ်ပေမဲ့ စိတ်ရှည်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဘိုင်ယန်မြူးနစ် တောင်ပံတိုက်စစ်သမား ကင်စလေ ကိုးမန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၃ မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ခက်နေပါတယ်။
မန်ယူတိုက်စစ်မူှး မာရှယ်လ်အနေနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ကစားပါက အောင်မြင်မှု ရနိုင်တယ်လို့
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဝီလန်က တိုက်တွန်းလိုက်ပါတယ်။
အင်တာမီလန် ကွင်းလယ်လူ အဲရစ်ဆင်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာအသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းနိုင်ဖို့ မျှော်လင့်လျက်ရှိနေပါတယ်။ အဲရစ်ဆင်အနေနဲ့ သူ့ ကစားသမားဘဝကို နယ်သာလန်မှာရှေ့ဆက်နိုင်ဖို့ စီစဉ်ထားပါတယ်။
ဘာစီလိုနာအနေနဲ့ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူနိုင်မဲ့ အခွင့်အရေးကို ငြင်းဆန်ခဲ့ကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ရွိုင်အိုလာက ပေါ့ဂ်ဘာကိုခေါ်ဖို့ ဘာစီလိုနာထံ ကမ်းလှမ်းခဲ့ပေမဲ့ ကစားသမား က ဇာဗီရဲ့ နည်းစနစ်နဲ့ အံ့ဝင်ခြင်းမရှိလို့ ဘာစီဘက်က ခေါ်ယူဖို့ စိတ်မဝင်စားပါဘူး။

ရိုးမားအနေနဲ့ ချဲလ်ဆီးကွင်းလယ်လူ လော့တပ်ချိစ်ကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူထားတဲ့ တိုက်စစ်မူှး အေဘရာဟမ်ချ်အနေနဲ့ လော့တပ်ချိစ်ကိုခေါ်နိုင်အောင် စည်းရုံးနိုင်ဖို့လည်း ရိုးမားက မျှော်လင့်နေပါတယ်။
တိုက်စစ်မှူး ရှာဖွေမှုတွေပြုလုပ်နေတဲ့ စီးရီးအေထိပ်သီး ဂျူဗင်တပ်အနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အိုက်ကာဒီကို ခေါ်ယူဖို့လည်း ပစ်မှတ်ထားလျက် ရှိနေပါတယ်။ ဂျူဗင်တပ်အနေနဲ့ အိုက်ကာဒီကို ဇန်နဝါရီမှာ ကနဦးအငှားနဲ့ ခေါ်မှာဖြစ်ပြီး ရာသီကုန်မှာ အပြီးသတ်ဝယ်ဖို့ ကြိုးပမ်းသွားမှာပါ။