စာချုပ်ကုန်မယ့်သူတွေ အတွက် စိတ်မပူတဲ့ တူချယ်၊ လော့ဖ်တပ်ချိစ်ကို ချိန်တဲ့ ရိုးမားနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ

အဲဗာတန်နဲ့ ပွဲမတိုင်ခင် ဆေးစစ်မှုမှာ ချဲလ်ဆီး အသင်းသား ၃ဦး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိနေတာကြောင့် နည်းပြ တူချယ်နဲ့ ချဲလ်ဆီးအသင်း အတွက် ပွဲကြပ်ကာလမှာ ခေါင်းကိုက်စရာ ဖြစ်လာပါတယ်။

လာဇီယိုနည်းပြ ဆာရီ က ချဲလ်ဆီးတောင်ပံကစားသမား အိုဒွိုင်းကို ခေါ်ယူလိုလျက်ရှိနေပါတယ်။ ဆာရီအနေနဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်လိုနေပြီး အိုဒွိုင်းနဲ့ ပြန်လည် လက်တွဲလိုနေတာပါ။

ချဲလ်ဆီး နည်းပြတူချယ်က သူ့အနေနဲ့ အဓိက နောက်ခံလူတွေ စာချုပ်သက်တမ်း မတိုးနိုင်သေးတဲ့အပေါ် စိုးရိမ်ခြင်း မရှိကြောင်း၊ သူတို့အပေါ် အသင်းက ဘယ်လို သဘောထားသလဲဆိုတာ ကစားသမားတွေ ကောင်းကောင်းသိကြောင်း ဖွင့်ဟခဲ့ပါတယ်။

လက်ရှိမှာ နောက်ခံလူတွေ ဖြစ်တဲ့ ခရစ္စတန်ဆန်၊ သီယာဂိုဆေးလ်ဗား၊ ရူဒီဂါနဲ့ အက်ကျူပီတာတို့ဟာ ရာသီကုန်မှာ စာချုပ်ကုန်မှာဖြစ်ပြီး သက်တမ်းတိုးနိုင်ခြင်း မရှိသေးပါဘူး။

ရိုးမားအနေနဲ့ ချဲလ်ဆီး ကွင်းလယ်လူ လော့တပ်ချိစ်ကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူထားတဲ့ တိုက်စစ်မူှး အေဘရာဟမ်ချ်အနေနဲ့ လော့တပ်ချိစ်ကို ခေါ်နိုင်အောင် စည်းရုံးနိုင်ဖို့လည်း ရိုးမားက မျှော်လင့်နေပါတယ်။

ဘာစီလိုနာအနေနဲ့ ချဲလ်ဆီးဘယ်နောက်ခံလူ မတ်ဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Football Insider က ဖော်ပြထားပါတယ်။ အဆိုပါ ၁၉ နှစ်အရွယ်ကြယ်ပွင့်ဟာ လက်ရှိမှာကိုဗင်ထရီမှာ အငှားကစားနေပြီး ဘာစီလိုနာက ဇန်နဝါရီမှာပဲ ခေါ်ယူလိုနေတာပါ။

လီဗာပူးနောက်ခံလူဟောင်း အင်းနရစ်က ယာဂင်ကလော့ပ် အနေနဲ့ ချဲလ်ဆီးတိုက်စစ်ကစားသမား ပူလီဆစ်ကို ခေါ်ယူသင့်ကြောင်း၊ ပူလီဆစ်ဟာ ကစားသမားကောင်းဖြစ်ပြီး သူ့ရဲ့တစ်ခုတည်းသော ပြဿနာက ဒဏ်ရာသာဖြစ်ကြောင်း၊ ဒါပေမဲ့ ကလော့က ပူလီဆစ်အကြောင်းကို ကောင်းကောင်သိကြောင်း တိုက်တွန်းခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က သူတို့အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူသွားမှာ မဟုတ်ကြောင်း၊ လက်ရှိအသင်းရဲ့ လူစာရင်းအပေါ် အပြည့်အ၀ ယုံကြည်ချက်ရှိကြောင်း၊ ဒဏ်ရာရ ကစားသမားတွေ အမြန်ဆုံး ကြံ့ခိုင်မှု ပြည့်ဝရေးသာ မျှော်လင့်ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်က အခုလိုကွင်းလယ်ပိုင်း ဒဏ်ရာပြဿနာ ပေါ်နေချိန်မှာ ဂယ်လင်ဟာကို ပဲလေ့စ်ထံ အငှား စေလွှတ်ခဲ့တာကို နောင်တ မရကြောင်း၊ ဒါက သူ့အတွက်ပြည့်စုံတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး အခြေအနေကိုပြောင်းလဲမှာ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ချဲလ်ဆီး ကစားသမားတွေဖြစ်ကြတဲ့ နောက်ခံလူ ချာလိုဘတ်ချ်နဲ့ ကွင်းလယ်လူ ကန်တီတို့အနေနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေကြပြီဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ အဲဗာတန်နဲ့ပွဲမှာ ပါဝင်လာဖွယ် ရှိနေပါတယ်။