အမှတ်ပေးဇယားမှာ ချယ်ဆီးရဲ့ ရမှတ်တွေ ကျဆင်းနေတာ အကြောင်းရှိတယ် ပြောလာတဲ့ တူချယ်
ဥရောပချန်ပီယံ ချယ်ဆီးကတော့ အဲဗာတန်နဲ့ ၁ ဂိုးစီ သရေကျခဲ့တာနဲ့အတူ ပြိုင်ပွဲစုံ ၄ ပွဲမှာ ၃ ကြိမ်မြောက်အဖြစ် အမှတ်တွေ လျော့ခဲ့ပြီး လီဗာပူး၊ စီးတီးတို့နဲ့ ၃ မှတ်၊ ၄ မှတ်စီ ကွာဟသွားခဲ့ပါတယ်။
စီးတီးဟာ အင်္ဂါနေ့က လိဒ်စ်ကို ၇-၀ နဲ့ အနိုင်ရခဲ့ပြီး လီဗာပူးဟာ မနေ့က နယူးကာဆယ်ကို ၃-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် တစ်မှတ်အကွာနဲ့ ဆက်ဖိအားပေးနေကာ အင်္ဂလန်ဘောလုံးလောကရဲ့ အလိုချင်ဆုံး ဆုဖလားအတွက် သူတို့ နှစ်သင်းက အဓိကအဖြစ် ယှဉ်ပြိုင် တိုက်ပွဲဝင်ကြရမယ်လို့ မှတ်ချက်ပေးခံနေရတယ်။
လူကာကူ၊ တီမီုဗာနာ၊ အိုဒွိုင်းနဲ့ ချီဝဲတို့တွေဟာ ကိုဗစ် ပေါ့စတစ် ဖြစ်ခဲ့ပြီးတော့ အဲဗာတန်နဲ့ပွဲရဲ့လူစာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ကိုင်ဟားဗတ်နဲ့ ကိုဗာဆစ်တို့ကလည်း အဖျားဝေဒနာကြောင့် လွဲချော်ခဲ့ရပြီး အလုပ်ရှုပ်တဲ့ ဆောင်းရာသီပွဲကျပ်ကာလမှာ ဒီလို ကြံ့ခိုင်မှု ပြဿနာတွေ ဖြစ်နေတဲ့ကြားက စီစဉ်ထားတဲ့အတိုင်း ပွဲတွေကို ဆက်လက်ကစားရမှာ ဖြစ်ပါတယ်။
ဒါကို ဆင်ခြေအဖြစ် အသုံးချဖို့ ဝန်လေးနေပေမယ့် တူချယ်က ချယ်ဆီးရဲ့ ကြံ့ခိုင်မှု မပြည့်ဝတဲ့ ကစားသမားအရေအတွက် ပိုများလာတာဟာ သူတို့ကို ဖလားပြိုင်ဘက်တွေနဲ့ ခြားနားသွားစေခဲ့တာဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။

“ ကြီးမားတဲ့ ကွာခြားချက်က စီးတီးနဲ့ လီဗာပူးမှာ ဒဏ်ရာရ ကစားသမားတွေ မရှိတာပဲ။ ကျွန်တော်တို့မှာကျ ၆ယောက်၊ ၇ ယောက်လောက် မကစားနိုင်ဘူး။ အပြိုင်အဆိုင်ဖြစ်ဖို့ဆိုရင် တစ်သင်းလုံး ကြံ့ခိုင်မှု ပြည့်ဝနေဖို့လိုပါတယ်။ အဲ့လိုမဟုတ်တော့ ကျွန်တော်တို့ ရုန်းကန်ရတာပေါ့။
ဒါက ပြဿနာတစ်ခု မဟုတ်ပေမယ့် ဒါကို ကျွန်တော်တို့ လက်ခံဖို့လိုတယ်။ ဒီနေ့မှာ လုံးဝ မလိုအပ်ပါဘူး။ ဒါပေမယ့် အခုချိန်မှာ ကျွန်တော်တို့အတွက် အခက်အခဲ ဖြစ်လာနေပြီ ” လို့ တူချယ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။