ဥရောပရဲ့ အလားအလာ အရှိဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးကို ခေါ်ယူခွင့်ရပေမယ့် ပယ်ချခဲ့တဲ့ ဘာကာ

အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ်က ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင် နူညက်ကို ခေါ်ယူဖို့ ဘာစီလိုနာရဲ့ အကြီးအကဲတွေကို တိုက်တွန်းခဲ့သေးပေမယ့် စိတ်ဝင်စားခြင်း မခံရတဲ့အကြောင်း ဖွင့်ပြောလာခဲ့ပါတယ်။

နူညက်ဟာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ကစားပြီး ၃-၀ ဖြင့် အနိုင်ရခဲ့တဲ့ ဘင်ဖီကာအသင်းမှာ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ကာ သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တာဖြစ်တယ်။ အခုချိန်မှာ ဘာကာဘက်က နူညက်ကို ခေါ်ယူလိုတယ်ဆိုရင်တောင် ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်သလို ပြောင်းရွှေ့ကြေးက များစွာ မြင့်မားသွားခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ချယ်ဆီး၊ ယူနိုက်တက်၊ လီဗာပူး၊ မန်စီးတီးတို့ရဲ့ စိတ်ဝင်စား ကင်းထောက်မှုတွေနဲ့အတူ ပရီးမီးယားလိဂ်ကို ပြောင်းရွှေဖို့ သတင်းကြီးလာနေသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဘင်ဖီကာကို မရောက်ခင် လာလီဂါက အယ်မာရီယာမှာ ကစားခဲ့တုန်းက သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာကို အကြံပေးခဲ့တယ်လို့ ဆွာရက်ဇ်က ပြောပြလာတာပါ။

ဘာစီလိုနာဘက်က နူညက်ကို နူးကမ့်ထံ မခေါ်ယူဖို့ ရွေးချယ်ခဲ့ခြင်းကြောင့် ဆွာရက်ဇ်ရဲ့ ဥရုဂွေး အသင်းဖော်ဟာ လွန်ခဲ့တဲ့ တစ်နှစ်ကပဲ ယူရို ၂၄ သန်းနဲ့ ဘင်ဖီကာကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

“သူ အယ်မာရီယာမှာ ရှိခဲ့တုန်းက ဒါဝင်ကို ခေါ်ဖို့ ဘာစီလိုနာကို ကျွန်တော် အကြံပေးခဲ့ပါတယ်။ ကျွန်တော့်မှာ နိုင်ငံတကာ အတွေ့အကြုံ ၁၅ နှစ်ရှိပါတယ်။ တိုက်စစ်ကစားသမားတွေနဲ့ ပတ်သက်ပြီး တစ်ခုနှစ်ခုလောက်တော့ သိပါတယ်။

ဒါကြောင့် ‘အဲ့ကောင်လေးကို စောင့်ကြည့်ကြည့်။ သူအရမ်းတော်တယ်။ သူက စိတ်ဝင်စားစရာတွေ လုပ်ပြနိုင်တယ်’လို့ ကျွန်တော် ဘာစီလိုနာကို ပြောခဲ့တာပါ။ ဒါပေမယ့် ကလပ်က သူက အယ်မာရီယာမှာ ရှိနေပြီး ငယ်လွန်းတယ်လို့ တုံ့ပြန်ခဲ့တယ်။

ကျွန်တော့် အမြင်အရ ယူရို သန်း၈၀၊ ၉၀၊ ၁၀၀ တွေ ပေးမယ့်အစား ၁၅ သန်း၊ သန်း ၂၀ လောက်နဲ့ သူ့ကို အရန်လူအဖြစ် သုံးလို့ရပါတယ်။ သူက ကစားခွင့်ပေးတာနဲ့ ကောင်းကောင်း လုပ်ပြနိုင်တဲ့ ကစားသမားမျိုးပါ။ ကျွန်တော်တို့က ခေါ်သင့်တဲ့ ကစားသမားတွေကို အကြံပေးခဲ့ကြတာပါ။

မက်ဆီ၊ အင်နီယေစတာ၊ ဘက်စကွက်တို့တင်မက ကျွန်တော့်အသင်းဖော် တစ်ယောက်မှ အပြောင်းအရွှေ့ကို တားမြစ်ဖို့ ကြိုးစားတာမျိုး မကြားဖူးခဲ့ပါဘူး ” လို့ ဆွာရက်ဇ်က ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။