ကိုဗစ် ကူးထားဟန် ရှိတဲ့ ပက် ဂွာဒီယိုလာ၊ မက်ဆီရဲ့ အကောင်းဆုံးဂိုး၊ အိုဒီဂတ်၊ ဇီယက်တို့နဲ့ နံနက်ခင်း သတင်းများ

ချန်ပီယံလိဂ် အုပ်စုအဆင့်ရဲ့ အကောင်းဆုံးဂိုးအဖြစ် မန်စီးတီးဘက်ကို သွင်းယူခဲ့တဲ့ ပီအက်စ်ဂျီ တိုက်စစ်မူှး မက်ဆီရဲ့ ဂိုးက ရွေးချယ်ခံခဲ့ရပါတယ်။ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ ရင်ဆိုင်ခဲ့တဲ့ ပထမအကျော့ပွဲမှာ ပီအက်စ်ဂျီက ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီး မက်ဆီက အနိုင်သေချာစေမဲ့ ဒုတိယမြောက်ဂိုးကို လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် က ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူသင့်ကြောင်း၊ ဘယ်လင်ဟမ်ကို မန်စီးတီး၊ လီဗာပူးတို့ ထက်စာရင် မန်ယူက ပိုလိုအပ်ကြောင်း လီဗာပူး ကစားသမားဟောင်း မက်မာနာမန် က တိုက်တွန်းခဲ့ပါတယ်။

မန်စီးတီး နည်းပြ ဂွာဒီယိုလာဟာ ကိုဗစ် သံသယကြောင့် မနေ့ညက ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို မတက်ရောက်နိုင်ခဲ့ ပါဘူး။

နယူးကာဆယ်အနေနဲ့ မာဆေးကွင်းလယ်လူ ကာမာရာကို ခေါ်ယူဖို့ မျက်စီကျနေပါတယ်။ ကာမာရာဟာ ရာသီကုန်မှာ မာဆေးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းကနေ ထွက်ခွာမှာပါ။ ကာမာရာကို ခေါ်ယူဖို့ တခြား ဥရောပ ထိပ်သီးကလပ်တွေကလည်း ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ ကိုဗစ် ကူးစက်ခံထားရတဲ့ ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဖာဘင်ညို၊ ဂျုံးတို့ရဲ့ အခြေအနေကို သိရဖို့ နောက်ထပ် စစ်ဆေးမှုရလဒ်တွေကို စောင့်နေရဆဲဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီ ဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူဖို့အတွက် ဝင်ရောက်လာမှာဖြစ်ပြီး ဘယ်အစွန်လူ နေရာ ခေါ်ယူရေးအတွက် ချီးဝဲလ်ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း သိနိုင်အောင် လုပ်နေကြောင်း တူချယ်က ထုတ်ပြောလာခဲ့ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူက သူ့အနေနဲ့ ကိုဗစ်ကူးစက်မှုခံရပြီးနောက် အခု အခြေအနေ ကောင်းမွန်နေတယ်လို့ သတင်းပေးခဲ့ပြီး သူ့အပေါ် အားပေးတဲ့ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ ကွင်းလယ်လူ အိုဒီဂတ်ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်နိုင်တဲ့အကြောင်း အရိပ်အမြွက်ဆိုခဲ့ပါတယ်။ “သူက အလွန်ငယ်ရွယ်တဲ့ ကစားသမားဆိုပေမဲ့ ကလပ်အသင်းများစွာနဲ့ အတွေ့အကြုံ အများကြီး ရှိနေပါပြီ။ အိုဒီဂတ်ဟာ သူ့ရဲ့ အကောင်းဆုံးပုံစံကိုလည်း ရရှိဖို့ နီးစပ်နေပါပြီ”လို့ အာတီတာက ဆိုခဲ့တာပါ။

ဒါဘီနည်းပြ ဝိန်းရွန်းနီဟာ အဲဗာတန်နည်းပြအဖြစ် ရာဖာဘင်နီတက်ဇ်ကို အစားထိုးနိုင်ဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေကို တုံ့ပြန်ခဲ့ပြီး သူဟာ မာဆေးဆိုဒ်ကလပ်နဲ့ ဆက်သွယ်မှု မရှိခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

အေစီမီလန် ဝါရင့်တိုက်စစ်မူှး အီဘရာဟီမိုဗစ်ချ်က လက်ရှိလောကအတွင်း သူအလေးစားဆုံး လူငယ်ကစားသမား နှစ်ယောက်အဖြစ် အမ်ဘာပေနဲ့ ဟာလန်းတို့ကို ရွေးချယ်ခဲ့ပါတယ်။ အမ်ဘာပေဟာ ဘရာဇီးဂန္ထဝင် ရော်နယ်ဒိုကို အမှတ်ရစေပြီး ဟာလန်းက ဂိုးဘယ်လိုသွင်းရမလဲဆိုတာသိတဲ့ ဉာဏ်ရည်ကောင်းမွန်သူဖြစ်ကြောင်း မိုဗစ်ချ်က ဆိုခဲ့ပါတယ်။

ဇာဗီဟာ အေးဂျင့်ရိုင်အိုလာနဲ့ တွေ့ဆုံခဲ့ပြီးနောက် ပေါလ်ပေါ့ဘာအတွက် နွေရာသီမှာ ခေါ်ယူဖို့အရေး ဆက်လက် မလုပ်ဆောင်တော့ဖို့ ဘာစီလိုနာ ဘုတ်အဖွဲ့ကို ပြောကြားခဲ့ပါတယ်။

အနည်းဆုံး ဒီဇင်ဘာ ၂၆ မတိုင်ခင်အထိ ဘောလုံးပွဲတွေ ရပ်ထားဖို့ သောမတ်စ် ဖရန့်ရဲ့ အဆိုကို ထောက်ခံချင်တဲ့ အင်္ဂလန် ကလပ်တွေ ပိုပြီး များပြားလာနေပေမယ့် ပရီးမီးယားလိဂ်ကတော့ လုံးဝမရပ်တန့်ပဲ ရာသီကို ဆက်လက် ကစားဖို့ တင်းခံနေပါတယ်။