အာဆင်နယ်ရဲ့ ဂိုးပြတ်အနိုင်၊ ချဲလ်ဆီး ပစ်မှတ် ဂိုးသွင်းဘုရင်၊ အဂူရိုနဲ့ ယနေ့ နံနက်ခင်း သတင်းများ
မနေ့ညက ကစားခဲ့တဲ့ လိဒ်နဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အာဆင်နယ် အသင်းက မာတင်နယ်လီရဲ့ အဖွင့်ဂိုး ၂ ဂိုးနဲ့အတူ ဆာကာ၊ စမစ်ရိုဝီတို့ရဲ့ သွင်းဂိုးတွေကြောင့် အဝေးကွင်းမှာ ၁-၄ နဲ့ ဆက်လက်နိုင်ပွဲဆက်ခဲ့ရတာ ဖြစ်ပါတယ်။
လာလီဂါပွဲစဉ်တွေမှာတော့ ဘာစီလိုနာအသင်းက အယ်လ်ချီကို ၃-၂ နဲ့ အနိုင်ရခဲ့ပေမယ့် အက်သလက်တီကို အသင်းကတော့ ဆီဗီလာအသင်းကို အဝေးကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရကြောင်း သိရပါတယ်။
ချဲလ်ဆီး ကွင်းလယ်မှာ ကန်တေနဲ့ ကိုဗာဆစ်တို့ နှစ်ယောက်လုံး မကစားနိုင်နေတာက တူချယ်ရဲ့ ကွင်းလယ်ကို ဟန်ချက်ညီမှု ပျက်ပြားစေတာ ဖြစ်တယ်လို့ ကွင်းလယ်လူဟောင်း ဂျိုးကိုးလ်က ထောက်ပြခဲ့ပါတယ်။

ဘိုလော့ဂ်နာအသင်းကို အဝေးကွင်းမှာ ဝ-၂ နဲ့ အနိုင်ရခဲ့တဲ့အတွက် ဂျူဗင်တပ် အသင်းနည်းပြ အယ်လီဂရီက အသင်းရဲ့ အနိုင်လိုချင်တဲ့ စိတ်ဓါတ်အပေါ် ချီးကျူးသွားခဲ့ပေမယ့် ယခုထက် ပိုမိုတဲ့ စွမ်းဆောင်မှုတွေကို လိုအပ်နေဆဲ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ဇာဗီကတော့ အယ်လ်ချီကို အနိုင်ရခဲ့တဲ့ ပွဲမှာ အထူးခြေစွမ်းပြသပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားလေး ဂါဗီဟာ အသင်းရဲ့ အနာဂတ်ဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပြိုင်ဘက် အသင်းသားတွေကို လူမျိုးရေးခွဲခြား လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တဲ့ အသင်းပရိသတ်တစ်ယောက်ကို ဖမ်းဆီးထိမ်းသိမ်းထားကြောင်း လိဒ်အသင်းက ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။
အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ ၎င်းတို့ရဲ့ ကွင်းလယ်ကစားသမား အိုဒီဂတ်ရဲ့ တိုးတက်မှှုတွေအပေါ် ကျေနပ်အားရနေပြီး မန်စီးတီး အသင်းကွင်းလယ်လူဟောင်း ဒေးဗစ်ဆေးလ်ဗားနဲ့ ခိုင်းနှိုင်းမှုတွေ ပြုလုပ်သွားခဲ့တာ တွေ့ရပါတယ်။

ချဲလ်ဆီးဟာ ဒိန်းမတ် ထိပ်တန်းလိဂ်မှာ အသက်အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်လာခဲ့တဲ့ ကိုပင်ဟေဂင် လူငယ်ကြယ်ပွင့် ရူနီ ဘာဂျီကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ လွှတ်ထားခဲ့ပါတယ်။
ကာဒစ်နဲ့ ကစားမယ့် ယနေ့ညပွဲစဉ်မှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ဟာဇက်တစ်ယောက် ပြန်လည် ပါဝင်လာမှာ ဖြစ်ကြောင်း ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။
ဘာစီလိုနာဟာ ဖာရန်တောရက်စ်ကို ခေါ်ယူနိုင်မယ့် အသုံးစရိတ် ရရှိဖို့ လစာမြင့်မားတဲ့ ကစားသမားတွေကို ဖယ်ရှားသွားမှာဖြစ်သလို သူတို့ အရောင်းစာရင်း တင်ထားတဲ့ ကော်တင်ညိုနဲ့ ဒမ်ဘီလီတို့အား ခေါ်ယူရေးအတွက် ပရီးမီးယားလိဂ် ကလပ်တွေဘက်က စိတ်ဝင်စားနေပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုဟာ မန်ယူ မှာ ချန်လှပ်ထားလို့ မရတဲ့ အသင်းသား ဖြစ်နေတာကြောင့် ပုံမှန်ပွဲထွက်ခွင့်မရ ဖြစ်နေခြင်းကို အင်္ဂလန်လူငယ်တိုက်စစ်သမား မေဆန်ဂရင်းဝုဒ်ဟာ မကျေမနပ်နဲ့ စိတ်ပျက်နေတယ်လို့ သိရပါတယ်။
ကစားသမား အင်အားဖြည့်ဖို့ ဆန္ဒရှိနေတဲ့ အာဆင်နယ်ဟာ ဂျူဗင်တပ် ကွင်းလယ်လူတွေဖြစ်တဲ့ အာသာနဲ့ ကူလူဆဗ်စကီးတို့ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း အီတလီသတင်းတွေက ဖော်ပြနေပါတယ်။

အင်တာမီလန် အသင်းနည်းပြ အင်ဇာဂီကတော့ မိမိအနေနဲ့ ယခုတစ်ခေါက် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံရမယ့် လီဗာပူးလ်အသင်းနဲ့ ရှောင်လွှဲနိုင်ဖို့ ဆန္ဒရှိခဲ့ဖူးကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းတိုက်စစ်မှူး ကာဗာနီဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အား ထက်သန် နေတာကြောင့် ဘိုကာဂျူနီယာအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ကြောင်း သတင်းရရှိပါတယ်။
ကစားသမားဘဝမှ အနားယူလိုက်ပြီ ဖြစ်တဲ့ အဂူရိုကို အသင်းဟောင်း မန်စီးတီးအသင်းက ၎င်းတု့ိအသင်းရဲ့ သံတမန် ရာထူးအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။