ဇာဗီရဲ့ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ဘက် မဟုတ်ဘူးလို့ အန်ဆယ်လော့တီ ပြောဆို
ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီက ဒီရာသီမှာ အမှတ်ပေးဇယား အလယ်မှာ ရုန်းကန်နေရတဲ့ ဘာစီလိုနာကို သူတို့အသင်းရဲ့ ပြိုင်ဘက်စာရင်းထဲကနေ ဖယ်ထုတ်ထားကြောင်း ပြောဆိုလိုက်ပါတယ်။
ဘာစီလိုနာဟာ အမှတ်ပေးပွဲ ၁၇ ပွဲ ကစားထားချိန်မှာ ဇယားထိပ်က ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ် ၁၅ မှတ်ထိ ဝေးကွာနေတာပါ။ သူ့အသင်းက ရုန်းကန်နေရပေမယ့် ဘာစီလိုနာ နည်းပြ ဇာဗီက လာလီဂါဆုဖလားအတွက် ဆက်ပြီး တိုက်ခိုက်နိုင်နေဆဲလို့ ပြောဆိုသွားခဲ့တယ်။
ဘာစီလိုနာက လာလီဂါကို စိန်ခေါ်ဦးမယ်ဆိုတဲ့ ဇာဗီရဲ့ မှတ်ချက်အတွက် မေးခွန်းထုတ်ခံရချိန်မှာ အန်ဆယ်လော့တီက ဒီရာသီမှာ ဇာဗီရဲ့ အသင်းကို အများကြီး ထည့်တွက်ထားခြင်း မရှိကြောင်းနဲ့ အနီးကပ်ပြိုင်ဘက် ဆီးဗီးလာ၊ ဘက်တစ်တို့ကိုပဲ ပိုပြီး အာရုံစိုက်နေပါတယ်လို့ အသာအယာလေး သရော်သွားခဲ့တာဖြစ်ပါတယ်။

အန်ဆယ်လော့တီက ” အခုချိန်မှာ ဘာစီလိုနာက ကျနေ်ာတို့ရဲ့ တိုက်ရိုက်ပြိုင်ဘက် မဟုတ်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ ဆီးဗီးလာ၊ ဘက်တစ်တို့က သူတို့ထက်စာရင် ကျနေ်ာတို့ရဲ့ အနီးကပ် ပြိုင်ဘက်တွေ ဖြစ်နေပါတယ်။
ဒါပေမယ့် ဘာစီလိုနာဟာ ဇယားထိပ်ကို ရောက်လာနိုင်တဲ့ အရည်အချင်းတွေတော့ ရှိပါတယ်။ အကယ်လို့ ကျနော်သာ ဘာစီလိုနာ နည်းပြဆိုရင်တော့ ဇာဗီ ပြောသလိုပဲ ပြောမိပါလိမ့်မယ် ” လို့ တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ သူတို့ရဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲဆက်တိုက်ကို အရေးမနိမ့်ထားသလို နောက်ဆုံး ၁၀ ပွဲဆက်တိုက် အနိုင်ရထားတာဖြစ်တယ်။ အမှတ်ပေးဇယား ဒုတိယနေရာက ဆီးဗီးလာကို ၅ မှတ်ဖြတ်ထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ကိုဗစ်ကြောင့် ကစားသမား ထိခိုက်မှုတွေတော့ ရှိနေတာ ဖြစ်ပါတယ်။