အူဘာကို မပစ်ပယ်ဖို့ သတိပေးမှု၊ အာတီတာကို ခေါင်းစားစေသူနဲ့ ယနေ့ည အာဆင်နယ် သတင်းများ
လိဒ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အာဆင်နယ်လူငယ်တိုက်စစ်မူှး မာတင်နယ်လီကို ဂရေမီဆောင်းနက်စ်က ချီးကျူးခဲ့ပြီး မာတင်နယ်လီဟာ အန္တရာယ်ရှိပြီး လျင်မြန်သူဖြစ်ကြောင်း၊ မာတင်နယ်လီလို ဂိုးသွင်းရှင်မျိုးက ရှာရခက်ကြောင်း ဆိုခဲ့ပါတယ်။
ဂရေမီဆောင်းနက်စ်ကပဲ အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်စွမ်းရှိနေကြောင်း၊ ဒါပေမဲ့ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရချင်ရင် အဝေးကွင်း စွမ်းဆောင်ရည် တိုးတက်ဖို့ လိုအပ်နေကြောင်း မှတ်ချက်ပြု ခဲ့ပါတယ်။

မာဆေးမှာ အငှားနဲ့ ကစားလျက်ရှိနေတဲ့ နောက်ခံလူ ဆာလီဘာက သူ့အနေနဲ့ လက်ရှိအချိန်မှာ အာဆင်နယ်ကို ပြန်မဲ့ ကိစ္စ မစဉ်းစားနိုင်သေးကြောင်း၊ မာဆေးအတွက်သာ အကောင်းဆုံး ပေးဆပ်ဖို့ အာရုံစိုက်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း အီယန်ရိုက် လိဒ်စ်နဲ့ ပွဲစဉ်မှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုကို အစီရင်ခံခဲ့တဲ့ အာဆင်နယ် နောက်ခံလူ ဟိုလ်ဒင်းရဲ့လုပ်ရပ်ကို ချီးကျူးခဲ့ပြီး လူမျိူးရေးခွဲခြားခံရချိန်မှာ ရဲရဲဝံ့ဝံ့ မတ်တပ် ရပ်ဖို့ ဆိုတာ ခက်ခဲကြောင်း၊ ဟိုးလ်ဒင်းရဲ့လုပ်ရပ်က အံ့ဖွယ်ကောင်းကြောင်း ဆိုခဲ့ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း အီယန်ရိုက်က ကွင်းလယ်ကြယ်ပွင့် စမစ်ရို့စ်ဟာ နည်းပြအာတီတာကို ခေါင်းစား စေမဲ့ ကစားသမားမျိုးဖြစ်တယ်လို့ သုံးသပ်လိုက်ပြီး စမစ်ရို့စ်ဟာ ၅ မိနစ်လောက်ပဲကစားရရ၊ အခွင့်အရေးကို အပိုင်ရယူနိုင်တဲ့ ကစားသမားမျိုးလို့ ချီးကျူးစကား ဆိုခဲ့ပါတယ်။
အသင်းခေါင်းဆောင် ရာထူးကနေ ချန်လှပ်ခံထားရတဲ့ တိုက်စစ်မူှး အူဘာမီယန်ရဲ့ အနာဂတ်ဟာ အာဆင်နယ်မှာ မရှိနိုင်တော့ကြောင်း၊ မိမိအနေနဲ့ အူဘာလို ကစားသမားမျိုးကို လက်မလွှတ်လိုကြောင်း၊ အူဘာမီယန် မရှိရင် အာဆင်နယ်ရဲ့ လူစာရင်းက မတောင့်တင်းကြောင်း မာတင်ကီယွန်က ဆိုခဲ့ပါတယ်။

အာဆင်နယ် ဂန္ထဝင်ဟောင်း မာတင်ကီယွန်က ကွင်းလယ်လူအိုဒီဂတ်နဲ့ပတ်သက်ပြီး သူ့အမြင်တွေ မှားယွင်းခဲ့တယ်လို့ ဝန်ခံလိုက်ပြီး အာဆင်နယ်ကို အိုဒီဂတ် ရောက်ခါစက သူ့အနေနဲ့ သဘောမကျခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ လက်ရှိမှာ အိုဒီဂတ်ဟာ တိုးတက်လျက်ရှိနေပြီး အာဆင်နယ်ကွင်းလယ်ရဲ့ ပထမတန်းစား ကစားသမားဖြစ်ကြောင်း ကီယွန်က ဆိုခဲ့ပါတယ်။
အာဆင်နယ်မှာ လေ့ကျင့်ခန်း ပြုလုပ်လျက်ရှိနေတဲ့ ဝီလ်ရှိုင်းယားက သူ့အသင်းဖော်ဟောင်း ရမ်ဆေးအနေနဲ့ နယူးကာဆယ်ကို ပြောင်းရွှေ့သင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ နယူးကာဆယ်ဟာ ခမ်းနားတဲ့အသင်းဖြစ်ပြီး ရမ်ဆေးကလည်း ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လာမှာလို့ ၎င်းက ပြောဆိုခဲ့တာပါ။