အာဆင်နယ်ဖန်တွေကြောင့် ထွက်ခဲ့တဲ့ ဝီလီယံ၊ ကီပါကို ခေါ်ချင်တဲ့ ဆာရီနဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ် အသင်းတောင်ပံ ကစားသမားဟောင်း ဝီလီယံ ကတော့ အသင်းပရိသတ်အချို့ရဲ့ လှောင်ပြောင်မှု တွေကြောင့် အသင်းမှ ထွက်ဖို့ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ လင်ဂတ်အနေနဲ့ ဇန်ဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာမှာ မဟုတ်ဘဲ နည်းပြရန်နစ် လက်အောက်မှာ ပုံမှန်နေရာရရေး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ လင်ဂတ်ဟာ ရာသီကုန်မှ သူ့အနာဂတ်ကို ဆုံးဖြတ်သွားမှာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပရီးမီးယားလိဂ် ပွဲစဉ်အချို့ ရွှေ့ဆိုင်းခဲ့ကြရသလို အသင်းရှိ ကစားသမား၊ ဝန်ထမ်းအယောက် စုစုပေါင်း ၉၀ ဦးဝန်းကျင် ကိုဗစ် ကူးစက်ခံခဲ့ရကြောင်း သတင်းရရှိပါတယ်။

ဒါ့အပြင် ယနေ့မနက် အစောပိုင်း ပရီးမီးယားလိဂ် တာဝန်ရှိသူတွေနဲ့အတူ အသင်းမှ တာဝန်ရှိသူတွေများ အရေးပေါ် စည်းဝေးကျင်းပခဲ့ကြပြီး အဆိုပါ စည်းဝေးအပြီး ဆုံးဖြတ်ချက်အရ လက်ကျန် ပွဲစဉ်တွေကို အစီအစဉ်ဇယားအတိုင်း ဆက်လက်ကျင်းပသွားကြမှာ ဖြစ်ကြောင်း သိရပါတယ်။

ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုက သူ့အနေနဲ့ တိုက်စစ်မှူးမက်ဆီရဲ့ အရည်အသွေးကို လုံး၀ သံသယ မရှိကြောင်း၊ မက်ဆီရဲ့ စွမ်းဆောင်ရည်ကိန်းဂဏိန်းတွေကိုကြည့်ရင် ပထမ ၆ လအတွင်း အံ့အားသင့်ဖွယ် ကောင်းကြောင်း၊ မက်ဆီနဲ့ အမ်ဘာပေတို့ဟာ တွဲဖက်ညီနေပြီး အသင်းရဲ့ဂိုးသွင်းတိုင်းနီးပါးမှာ ပါဝင် ပတ်သက်မှု ရှိနေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ဇာဗီကတော့ ဆီဗီလာအသင်းရဲ့ ချိတ်ဆက်ခြင်း ခံနေရတဲ့ အသင်းကွင်လယ်ကြယ်ပွင့် ဂါဗီကို ဆက်လက် ထိန်သိမ်းသွားပေးဖို့ အသင်းတာဝန်ရှိသူတွေထံ တောင်းဆိုမှု ပြုလုပ်ထားပါတယ်။

အီဂျစ်လက်ရွေးစင်အနေနဲ့ ဇန်နဝါရီလအတွင်း ယှဉ်ပြိင်ကစားမဲ့ အာဖရိကဖလားပွဲစဉ် လူစာရင်း ဆန်ခါတင် အယောက် ၄၀ စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ လီဗာပူးတိုက်စစ်မှူး ဆာလတ် ပါဝင်လာခဲ့ပါတယ်။ အာဖရိကဖလားကို လာမယ့် ဇန်နဝါရီလအတွင်း ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပရီးမီးယားလိဂ် ကစားသမားတွေ တော်တော်များများ ပါဝင်နေတာပါ။

ပြီးခဲ့တဲ့ တစ်ခေါက် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ကွင်းအတွင်း ပရိသတ်တွေ ဝင်ရောက်ခဲ့ကြတာကြောင့် မန်စီးတီးနဲ့ လီဗာပူးလ်တို့ အသီးသီး ဒဏ်ရိုက်ခံခဲ့ကြရပြီး စပါး၊ ဆဲလ်တစ်၊ ရိန်းဂျားစတဲ့ အသင်းတွေလည်း အလားတူ ပြစ်ဒဏ်မျိုး ချမှတ်ခံခဲ့ရကြောင်း သတင်းရရှိပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်ရှိ မိုနာကိုအသင်းနဲ့အထူးခြေစွမ်းပြသနေတဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ချူဝါမန်နီကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။

လာဇီယို အသင်းကို တာဝန်ယူနေတဲ့ ဆာရီဟာ ချဲလ်ဆီးအသင်းမှာ ရှိခဲ့စဉ်တုန်းက အတော်လေး ရုပ်ပျက်ဆင်းပျက် ပြဿနာတက်ခဲ့ဖူးတဲ့ ဂိုးသမား ကီပါကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေကြောင်း သတင်းရရှိပါတယ်။

ဘာစီလိုနာနဲ့ ကာဗာနီကြား သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမယ့် မန်ယူ အသင်းဘက်ကတော့ အဆိုပါ ဝါရင့်တိုက်စစ်မှူးကို ဆက်လက်ထိမ်းသိမ်းသွားဖို့ ဆန္ဒပြင်းပြနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မကြာသေးခင်ကမှ ဒဏ်ရာပြဿနာတွေက ရုန်းထလာနိုင်တဲ့ လိုင်ယွန် တိုက်စစ်မှူး ဒမ်ဘီလီကို ခေါ်ယူဖို့ လက်ရှိ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ နယူးကာဆယ် အသင်းက စိတ်ဝင်စားနေကြာင်း သတင်းရရှိပါတယ်။