မန်ယူပရိသတ်ပေမယ့် အပြောင်းအရွှေ့ကတော့ စောင့်ပါဦးဆိုတဲ့ ဥရောပကြယ်ပွင့်

လိုက်ဇစ် ကွင်းလယ်လူ ဟိုင်ဒါရာဟာ ငယ်စဉ်ကတည်းက သရဲနီ ပရိသတ်ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ထင်ကြေးပေးမှုတွေကို ပိုမြင့်တက်လာစေခဲ့ပါတယ်။

ယာယီနည်းပြ ရက်ဖ်ရန်းနစ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလကို ကိုင်တွယ်သွားမှာဖြစ်ပြီး ကွင်းလယ်က တော်မီနေးနဲ့ ဖရက်တို့ရဲ့ မတည်ငြိမ်တဲ့ ခြေစွမ်းတွေကြောင့် သူ့ရဲ့ ကွင်းလယ်ရွေးချယ်စရာတွေကို အင်အားဖြည့်တင်းဖို့ မျှော်လင့်ရပါတယ်။

ရန်းနစ်ဟာ လိုက်ပ်ဇစ်နည်းပြဘဝမှာ ဟိုင်ဒါရာနဲ့ တွဲလုပ်ခဲ့ဖူးတာကြောင့် ၎င်းကို အိုးလ်ထရက်ဖို့ဒ်အတွက် ပထမဆုံး ခေါ်ယူပေးဖို့ စဉ်းစားနေနိုင်ပါတယ်။

ဟိုင်ဒါရာဟာ ဘွန်ဒက်စ်လီဂါကလပ်မှာ ပျော်နေတယ်လို့ ပြောဆိုခဲ့ပေမယ့် အတိတ်တုန်းက ယူနိုက်တက်န်နဲ့ ယူနိုက်တက် ကစားသမားတွေအပေါ် ချစ်ခင်ခဲ့မှုတွေကို ဝန်ခံခဲ့ပြီး နောက်ထပ် ကောလာဟလတွေကို တံခါးဖွင့်ထားပေးခဲ့တာပါ။

“ လူတိုင်းမှာ ကလေးဘဝ အကြိုက်ဆုံး အသင်းတစ်သင်း ရှိခဲ့တာပဲလေ။ ကျွန်တော့်တုန်းကတော့ မန်ချက်စတာ ယူနိုက်တက်ပေါ့။ ကျွန်တော်က ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပရိသတ် အကြီးစား ဖြစ်ခဲ့တာပါ။

ပြီးတော့ ပေါလ်စခိုး၊ အီဗရာ၊ ဗန်ဒါဆားနဲ့ အန်ဒါဆန်တို့ကိုလည်း ကြိုက်ခဲ့တယ်။ ဒါပေမယ့် ကောလာဟလတွေအကြောင်း ပြောချင်ရင်တော့ အခု ကျွန်တော်က လိုက်ဇစ်မှာ ရှိနေပြီး ပျော်ရွှင်နေပါတယ် ” လို့ ဟိုင်ဒါရာက ပြောဆိုခဲ့တာပါ။

ကွင်းလယ်လူဟာ အတိတ်တုန်းက ရန်းနစ်နဲ့ ဆက်ဆံရေးကိုလည်း ပြောပြခဲ့ပြီး သူ့ကစားသမားဘဝ အစောပိုင်း အချိန်တွေမှာ ယုံကြည်မှုပေးခဲ့တဲ့ နည်းပြကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

“ ဟုတ်ပါတယ်။ ရက်ဖ်က ကျွန်တော့်ကစားသမားဘဝမှာ သိပ်ကို ကြီးမားတဲ့ ကဏ္ဍမှာ ပါဝင်ခဲ့တယ်။ လိုက်ဇစ်က ကျွန်တော့်ကို ခေါ်ယူချင်ခဲ့တဲ့ အချိန်မှာ ကျွန်တော်က အရွတ်စုတ်ပြဲဒဏ်ရာ ရခဲ့တာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အသင်းကို ကျွန်တော် လာသင့်တယ်လို့ ရက်ဖ်က ပြောခဲ့တယ်။

အဲ့တုန်းက ကျွန်တော် တကယ် ပြောင်းရွှေ့ရဖို့ မမျှော်လင့်ခဲ့ဘူး။ သူ့ကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ကို တကယ်လိုချင်ခဲ့ပြီး လိုက်ဇစ်မှာ နည်းပြတစ်ယောက်အနေနဲ့ ကြီးမားတဲ့ ယုံကြည်မှုပေးခဲ့တယ်။

နောက်တော့ သူက ကျွန်တော့်ကို လိုက်ဇစ်မှာ ဆက်နေဖို့နဲ့ နေဂဲလ်စမန်းက ကျွန်တော့်ကို ပိုကောင်းအောင် လုပ်ပေးလိမ့်မယ်ဆိုတာ ယုံထားဖို့ ပြောပြခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။