ဘာပေးကိစ္စ ပီအက်စ်ဂျီမှာ ရှိနေတဲ့ အခွင့်အရေးကို ကလပ်တာဝန်ရှိသူ ထုတ်ပြောလာ
လာမယ့် နွေအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ ကြိုးစားနေတဲ့ ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေကို ပီအက်စ်ဂျီက စာချုပ်သစ်ချုပ်ဆိုဖို့ အခွင့်အလမ်းကောင်း ရှိနေတုန်းပဲလို့ အသင်းအားကစားညွှန်ကြားရေးမှူး လီယိုနာဒိုက ပြောပါတယ်။
တစ်ခြားအသင်းတွေက အမ်ဘာပေကို ခေါ်ဖို့ပြင်ဆင်နေတာကို သူ့အနေနဲ့ ကောင်းကောင်းသတိပြုမိပြီး လာမယ့် နွေရာသီမှာ ပီအက်စ်ဂျီက ထွက်ခွါနိုင်တယ်လို့ သတင်းထွက်နေပေမယ့် ဘာပေက သူတို့အသင်းမှာ ဆက်ရှိနေမယ်လို့ ယုံကြည်တဲ့အကြောင်း လီယိုနာဒိုက ပြောပါတယ်။

” ကျွန်တော်တို့က သူ့ကို ဒီမှာ ထာဝရရှိနေစေချင်တာကြောင့် ဒါကရှုပ်ထွေးတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ ရပ်တည်ချက်ကို ကျွန်တော်တို့ လေးစားရပါမယ် ” လို့ လီယိုနာဒိုက ဆိုပါတယ်။
” သူစာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးဖို့ အခွင့်အလမ်းကောင်းတစ်ခု ရှိနေတုန်းပါပဲ။ အဲဒါဖြစ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ် ” လို့ လီယိုနာဒို ကဖြည့်စွက်ပြောကြားပါတယ်။
ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ပြင်သစ်တိုက်စစ်သမား ဘာပေရဲ့ အပြောင်းအရွှေ့ကိစ္စအတွက် ဘာလို့ တိတ်ဆိတ်နေရသလဲဆိုတာကို အပြောင်းအရွှေဆိုင်ရာ သတင်းထောက် ရိုမန်နိုက ရှင်းပြသွားပါတယ်။
ရီးရဲလ်ဥက္ကဌ ပီရက်ဇ်က လာမယ့် နွေဈေးကွက်မှာ ပြင်သစ်သားကို မက်ဒရစ်ထံ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေတယ်။ ဒါပေမယ့်လို့ ကစားသမားနဲ့ သူ့ရဲ့ မိခင်ကလပ်ကို မလေးစားရာကျနိုင်တာကြောင့် လူမြင်ကွင်းကို ထွက်လာပြီး သတင်းတွေ ပွလာအောင် ဖန်တီးမှု ပြုလုပ်ခြင်း မရှိတာပါလို့ သတင်းထောက်က ဆိုပါတယ်။
အမ်ဘာပေက ပီအက်စ်ဂျီမှာ လောလောဆယ် ပျော်ရွှင်နေပေမယ့် စိတ်ပြောင်းလဲသွားစေနိုင်တဲ့ အခြေအနေတွေ ရှိတတ်တယ်လို့ ပြောထားတာကြောင့် ဒီနွေမှာ ရီးရဲလ်ကို ပြောင်းမလား ပြင်သစ်မြေမှာပဲ ဆက်နေမလားဆိုတာ ဘောလုံးပရိသတ်တွေက စိတ်ဝင်စားလို့နေတာဖြစ်ပါတယ်။