ဂိုးသွင်းနှုန်း သိပ်ကြမ်းတဲ့ လူငယ်တိုက်စစ်သမားကို ဈေးချိုချိုဖြင့် ခေါ်ယူနိုင်မယ့် မန်ယူ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းမှ လူငယ်တိုက်စစ်သမား ဂျူလီယန် အာဗရက်ဇ်ကို ချိတ်ဆက်မှု ပြုလုပ်နေတယ်လို့ အာဂျင်တီးနား သတင်းတွေကို ကိုးကားပြီး ဒေးလီးမေလ်းက ဖော်ပြလာပါတယ်။
အသက် ၂၁ နှစ်အရွယ် အာဗရက်ဇ်ကို ဥရောပ ထိပ်တန်းကလပ်တွေက စောင့်ကြည့်နေပြီး သူ့ရဲ့ ဂိုးသွင်းနှုန်းတွေကြောင့်ပဲ ဥရောပကလပ်တွေထိ သတင်းမွှေးလာနေခဲ့တာပါ။ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်ဟာ ပြိုင်ဘက်တွေထက် လက်ဦးမှုရဖို့အတွက် လူငယ်တိုက်စစ်သမားကို လက်မှတ်ထိုးခေါ်ယူဖို့ ခြေလှမ်းပြင်လာခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာ ပွဲပေါင်း ၄၆ ပွဲအတွင်း ကိုယ်တိုင် ၂၄ ဂိုး သွင်းယူကာ ဂိုးထောက်ပံ့မှု ၁၅ ကြိမ် ပြုလုပ်ထားတဲ့ တိုက်စစ်သမားကို ယူနိုက်တက်ဘက်က ပေါင် ၁၇ သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက အက်စတွန်ဗီလာအသင်းဟာ တိုက်စစ်သမားနဲ့ အတော်လေး သတင်းကြီးခဲ့ပြီး အဲ့ကတည်းက ပြောင်းရွှေ့ကြေးတွေ မြင့်တက်လာနေခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်၊ အေစီမီလန်၊ ဂျူဗင်တပ်နဲ့ အက်သလက်တီကိုတို့ဟာ တိုက်စစ်သမားရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ အာဂျင်တီးနားကို ကင်းထောက်တွေ စေလွှတ်ထားခဲ့တယ်။ ဒါကြောင့်လည်း ဇန်နဝါရီမှာ အာဗရက်ဇ်ကို ခေါ်ယူလိုရင် စာချုပ်ပါကြေး ပေါင် ၁၇ သန်း ပေးဖို့နဲ့ ပေါင် ၂၁ သန်းထိ မြင့်တက်နိုင်သေးတယ်ဆိုတာ သိလာရခြင်း ဖြစ်ပါတယ်။
အာဗရက်ဇ်ကိုယ်တိုင်ကလည်း ၂၀၂၂ ကမ္ဘာဖလားမှာ ပါဝင်နိုင်ရေးအတွက် နာမည်ကြီး ကလပ်တစ်သင်းသင်းထံ ပြောင်းရွှေ့လိုနေပါတယ်။ အာဂျင်တီးနား လူငယ်လေးဟာ အထောင်တိုက်စစ်နေရာမှာ အဓိက ကစားပေမယ့်လို့ တောင်ပံတွေမှာလည်း ကစားနိုင်သူဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ မာရှယ်နဲ့ ကာဗာနီတို့ရဲ့ အခြေအနေကို စီမံရဦးမှာဖြစ်ပါတယ်။ နယူးကာဆယ်ဘက်ကတော့ မာရှယ်ကို အငှားခေါ်ယူခွင့်ရရင် ပေါင် ၆ သန်းပေးဖို့ထိပါ ပြင်ဆင်ထားတာပါ။ ယူနိုက်တက်ဟာ မကြာခင် လစ်လပ်လာမယ့် တိုက်စစ်ပပိုင်းအတွက် အာဗရက်ဇ်ကို အလေးထားလာနေခြင်းပဲ ဖြစ်ပါတယ်။