ရေးဗားပလိတ် တိုက်စစ်မှူးကို ခေါ်ဖို့ အမှန်အကန် ချိတ်ဆက်မေးမြန်းနေတဲ့ မန်ယူအသင်း
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရေးဗားပလိတ်တိုက်စစ်မှူး ဂျူလီယန်အယ်ဗာရက်ဇ်ကိုခေါ်ယူဖို့ သူ့ရဲ့အသင်းထံ ဆက်သွယ်စုံစမ်းခဲ့တယ်လို့ သိရပါတယ်။ မန်ယူအသင်း အနေနဲ့ ခုချိန်မှာ ကမ်းလှမ်းမယ်ဆိုရင် ကစားသမားရဲ့ ပေါက်ဈေးထက် ပေါင် ၄ သန်း ပိုနည်းတဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၇ သန်းဝန်းကျင်နဲ့သာ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။
မန်ယူအသင်း ဟာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက တောင်အမေရိကသားလေးကို ကင်းထောက်စေလွှတ်ပြီး စောင့်ကြည့်ခဲ့တာဖြစ်ကြောင်း အာဂျင်တီးနားသတင်းစာ က ဖော်ပြခဲ့ပါတယ်။
နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကလည်း မန်ယူအသင်း ဟာ အယ်ဗာရက်ဇ်ကို အမှန်တကယ် စိတ်ဝင်စားနေပြီး ကင်းထောက်များလည်း စေလွှတ်ထားကြောင့် အတည်ပြုခဲ့ပေမယ့် နှစ်သင်းကြား ဆွေးနွေးမှုတွေတော့ မရှိသေးဘူးလို့ ဖော်ပြခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ အယ်ဗာရက်ဇ်ဟာ ရေးဗားပလိတ်အတွက် ၄၆ ပွဲကစားပြီး ၂၄ ဂိုးသွင်း ၁၅ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဥရောပအသင်းကြီး အတော်များများလည်း အာဂျင်တီးနား လက်ရွေးစင်အတွက် ၅ ပွဲကစားပေးထားတဲ့ ကစားသမားလေးကို စိတ်ဝင်စားနေကြပါတယ်။
၎င်းကို ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ကလည်း အယ်ဗာရက်ဇ်ကို ချိတ်ဆက်နေကြတာပါ။ မန်ယူအသင်း အနေနဲ့ အယ်ဗာရက်ဇ်ကို ပရီးမီးယားလိဂ်ပြိုင်ဘက် အက်စတွန်ဗီလာနဲ့လည်း အပြိုင်ခေါ်ယူရဖွယ် ရှိနေပါတယ်။ ဗီလာဟာ အောက်တိုဘာလတုန်းက ကစားသမားလေးကို ခေါ်ယူနိုင်ဖို့ အခြေအနေအကောင်းဆုံး အသင်းဖြစ်ခဲ့ပါတယ်။
ရေးဗားပလိတ်ကတော့ သူတို့ရဲ့ ဂိုးသွင်းစက်လေးကို ဆက်ထိန်းထားလိုနေပေမယ့် ဥရောပအသင်းကြီးရဲ့ စိတ်ဝင်စားမှု ကြောင့် ဆက်ထိန်းနိုင်ဖို့ မလွယ်တော့ပါဘူး။ အယ်ဗာရက်ဇ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၁၇ သန်းဖြစ်ပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ ပေါင် ၂၁ သန်းလောက်ထိ တက်လာနိုင်ပါတယ်။
အယ်ဗာရက်ဇ်ဟာ မန်ယူယာယီနည်းပြ ရန်နစ်အတွက် တိုက်စစ်ပြဿနာအစုံကို ဖြေရှင်းပေးနိုင်မယ့်သူ လည်း ဖြစ်လာနိုင်ပါတယ်။ လက်ရှိ မန်ယူတိုက်စစ်မှူးတွေဖြစ်တဲ့ အန်တိုနီမာရှယ်နဲ့ အက်ဒီဆင်ကာဗာနီတို့ နှစ်ယောက်စလုံး အသင်းကနေ ထွက်ဖို့များနေပါတယ်။