ကာရာဘောင်းဆီမီး၊ ဖာရန်တောရက်စ်ကို သဘောတူညီမှု ရသွားတဲ့ မန်စီးတီးနဲ့ ယနေ့ နံနက်ခင်း သတင်းများ
ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို မဲခွဲခဲ့ရာ ချဲလ်ဆီးနဲ့ စပါး၊ အာဆင်နယ်နဲ့ လီဗာပူးတို့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို အိမ်ကွင်း၊ အဝေးကွင်းယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပထမအကျော့ပွဲစဉ်ကို ဇန်နဝါရီ ၃ ရက်နေ့နဲ့ ဒုတိယအကျော့ကို အဲဒီနောက်တစ်ပတ်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဒန်နီမေးလ်က အာဆင်နယ်အနေနဲ့ လူငယ်ကြယ်ပွင့် ပါတီနိုကို အလျင်စလို အသုံးမပြုသင့်ကြောင်း၊ တစ်ခါတစ်လေကျရင် လူငယ်ကြယ်ပွင့်တွေမျှော်လင့်ချက်ကြီးလွန်းတာကမလိုအပ်တဲ့ ဖိအားတွေ ဖြစ်ပေါ်စေကြောင်း၊ အာဆင်နယ်အနေနဲ့ ပါတီနိုအပေါ် အချိန်ပေးရမှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ မန်စီးတီး တိုက်စစ်ကစားသမား ဖာရန်တောရက်စ်ကို ယူရိုသန်း ၅၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း Goal က အတည်ပြုဖော်ပြထားပါတယ်။ ဘာစီလိုနာအနေနဲ့ ဇန်နဝါရီအတွက် ဖာရန်တောရက်စ်ကို အဓိက အာရုံစိုက် ပစ်မှတ်ထားနေတာပါ။
ဘာစီလိုနာနဲ့ ဆီဗီးလ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာနည်းပြဇာဗီနဲ့ ဆီဗီးလ်ကွင်းလယ်လူ ရာကီတစ်တို့ အကြား ဖြစ်ရပ်တစ်ခုကို ပရိသတ်တွေက သဘောကျနေကြပါတယ်။ ဇာဗီနဲ့ ရာကီတစ်တို့ဟာ ဘာစီလိုနာမှာ အသင်းဖော်တွေအဖြစ် တွဲကစားခဲ့ကြဖူးသူတွေဖြစ်ကြပြီး ကွင်းဘေးစည်းနားမှာ ရာကီတစ် လှဲကျနေချိန် ဇာဗီက ထူပေးခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ ချစ်စရာကောင်းကြောင်း ပရိသတ်တွေကမှတ်ချက်ပြုခဲ့ကြတာပါ။
မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒေ့ါမွန်တိုက်စစ်မူှး ဟာလန်းသာ ပြောင်းလာမယ်ဆိုရင် ကျောနံပါတ် ၉ ကို ပေးသွားဖွယ် ရှိနေကြောင်း သိရပါတယ်။ လက်ရှိမှာ မန်ယူမှာ နံပါတ် ၉ ကို မာရှယ်လ်က ဝတ်ဆင်ထားတာပါ။ မာရှယ်လ် အနေနဲ့ လက်ရှိမှာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက မက်ဆီရဲ့ ဘလွန်းဒီအော ဆုပေးပွဲက သူ့အပေါ်ပြောတဲ့ စကားတွေက ထိရှစေကြောင်း၊ သူ့ရဲ့ စပိန်စကားပြောက သိပ်မကောင်းလို့ မက်ဆီနဲ့ မျက်နှာချင်းဆိုင် စကား အနည်းငယ်သာ ပြောဖူးကြောင်း၊ ဒါကြောင့် အဲဒီအခိုက်အတန့်က သူ့အတွက ်နှစ်လိုဖွယ်ရာကောင်းကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က တိုက်စစ်မှူး လူကာကူရဲ့ ကိုဗစ်အခြေအနေနဲ့ ပတ်သက်ပြီး “ကျွန်တော် နားလည်ထားတာ မမှားဘူးဆိုရင် လူကာကူက Negative ဖြစ်နေပါပြီ။ ဒါက သတင်းကောင်းပါ။ ဒါပေမဲ့ စိတ်လှုပ်ရှားလွန်းလို့ မရသေးဘဲ စစ်ဆေးဖို့ လိုအပ် နေပါသေးတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။
ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက တိုက်စစ်မှူး အိုက်ကာဒီဟာ ဒီထက်ပိုပြီး ကစားခွင့်ရချင်နေမှာဖြစ်ကြောင်း၊ အိုက်ကာဒီဟာ အသင်းတိုင်းလိုအပ်တဲ့ ကစားသမားဖြစ်ကြောင်း၊ ဒါပေမဲ့ လက်ရှိအသင်းမှာကစားသမားတိုင်းက အရေးပါနေကြောင်း ဖွင့်ဟခဲ့ပါတယ်။