ဘရန်းဖို့ဒ်နဲ့ ပွဲအပြီး ချဲလ်ဆီးပရိသတ်တွေကို သတင်းကောင်းပေးခဲ့တဲ့ တူချယ်

ဘရန်းဖို့ဒ်နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ်က တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ရိုမီလူ လူကာကူ တို့ဟာ ကိုဗစ် negative အဖြေထွက်ထားပြီး ကြာသပတေးနေ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည် ပူးပေါင်းမယ်လို့ သတင်းကောင်း ပါးခဲ့ပါတယ်။

ပေါ့စတစ် အဖြေ ထွက်ထားတဲ့ ကစားသမား ၇ဦး အနက် ၊ ၃ဦး ဟာ မနေ့က ဆေးစစ်ချက်တွေ အရ negative အဖြေ ထွက်ခဲ့ခြင်းဟာ လာမယ့် စနေနေ့ညမှာတော့ အက်စတွန် ဗီလာ အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဦးမယ့် ချဲလ်ဆီး အသင်း အတွက် သတင်းကောင်း တရပ်ပဲ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ကာရာဘောင် ဖလား ကွာတားဖိုင်နယ်ပွဲမှာ အနောက်လန်ဒန်ဒါဘီ ပြိုင်ဖက် ဘရန်းဖို့ဒ် အသင်းကို အဝေးကွင်းမှာ ပွဲပြီးခါနီး သွင်းဂိုး ၂ဂိုးနဲ့ အတူ အနိုင်ရကာ ၊ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

တူချယ်က ” ကျွန်တော်သာ နားကြားမလွဲဘူး ဆိုရင်တော့ ကော်လမ် ၊ ရိုမီလူနဲ့ ချီလီတို့ ၃ဦး နောက်ဆုံး ဆေးစစ်ချက်မှာ negative အဖြေထွက်ထားကြပါတယ်။ ချီလီ ကတော့ ဒဏ်ရာ အကင်းမသေသေးတဲ့ အတွက် ၊ ပြန်ပြီး လေ့ကျင့်နိုင်ဦးမှာ မဟုတ်ပါဘူး။

ကျန်တဲ့ ၂ဦး ကတော့ နောက်တကြိမ် ဆေးစစ်ချက်မှာ negative အဖြေ ထပ်ထွက်တာနဲ့ မနက်ဖြန် ထရိန်နင်ကို ပြန်လည် ပူးပေါင်းကြမှာပါ ။ ဒါပေမယ့် သူတို့ဟာ ဒီမတိုင်ခင် က နေမကောင်းဖြစ်ခဲ့ကြပြီး ၊ ရောဂါ လက္ခဏာ အချို့လည်း ပြထားခဲ့တာကြောင့် ၊ ဒီအတွက် နောက်ထပ် စောင့်ကြည့်မှုတွေတော့ လုပ်ရဦးမှာ ဖြစ်ပါတယ်။

အက်စတွန် ဗီလာလို ကစားရ အခက်ခဲဆုံး ပြိုင်ဖက် တသင်းကို သူ့ရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရမယ့် ပရီးမီးယားလိဂ် ပွဲတပွဲ ဖြစ်ပါတယ်။ ဒီ သတင်းက ကောင်းတာ မှန်ပါတယ်။ ကျွန်တော့ကို အထင်မလွဲပါနဲ့။ ဒီ သတင်း ကြားရလို့ အပျော်လွန်နေမှာလည်း မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ကို ဆက်လက် စစ်ဆေးမှုတွေ လုပ်ရဦးမှာမို့ပါ ” လို့ ပြောကြားခဲ့ပါတယ်။