အလွတ်ပြောင်းရွှေ့ကြေးနဲ့ရမယ့် အင်တာကြယ်ပွင့်ကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

အီတလီ အားကစား သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်အပါအဝင် အခြား ဥရောပ နာမည်ကြီးကလပ်အသင်းများ ဟာ အင်တာမီလန်အသင်း ရဲ့ကွင်းလယ်ကစားသမား ဘရိုဇိုဘစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိ‌နေကြောင်းဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်း နှင့်အတူ အသက် ၂၈ နှစ်အရွယ် အင်တာမီလန် ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းများကတော့ PSG နှင့် စပါး အသင်းတို့ဖြစ်ပြီး အဆိုပါ အသင်း ၃ သင်းဟာ လိုအပ်နေတဲ့ ကွင်းလယ်နေရာဖြစ်တဲ့ ကွင်းလယ်ခံစစ်နေရာကို ဖြည့်တင်းရန်အတွက် အခုလို ခေါ်ယူဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့နွေဈေးကွက်အတွင်း တိုက်စစ်နဲ့ ခံစစ်ပိုင်းကို အားဖြည့်တင်းခဲ့ပေမယ့်လည်း အသင်းရဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ကွင်းလယ်ခံစစ်ပိုင်းအတွက်ကိုတော့ ကစားသမားခေါ်ယူမှု မရှိခဲ့တာကြောင့် အသင်းရဲ့ DM ပိုင်းမှာ လိုအပ်ချက်တွေ ဖြစ်နေရပြီး ဒီအကျိုးဆက်ကိုလည်း လက်ရှိမှာ ခံစားနေရတာ ဖြစ်ပါတယ်။

ဘရိုဇိုဗစ်ကို ၂၀၁၅ ခုနှစ်က အင်တာမီလန် အသင်းဟာ ဒိုင်နမိုဇာဂရက်ဇ် ကနေ အငှားဖြင့် ခေါ်ယူခဲ့တာဖြစ်ပြီး နောက်ဘောလုံးရာသီမှာတော့ ပြောင်းရွေ့ကြေးပေါင် ၄.၅ သန်း ဝန်းကျင်ဖြင့်အပြီးသတ်ခေါ်ယူလိုက်တာဖြစ်ပါတယ်၊

လက်ရှိ အင်တာမှာ ၆ နှစ်ကျော်ကြာ ဖြတ်သန်းပြီးနောက်မှာတော့ ၂၅၁ ပွဲ ကစားပေးထားပြီး ၂၅ ဂိုး သွင်းယူထားနိုင်တဲ့အပြင် အင်တာမီလန် အသင်းအတွက် သွင်းဂိုး ၅၈ ဂိုး တိတိမှာ ပါဝင်ပတ်သတ်နေတဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ယောက် ဖြစ်လာပါတယ်၊

အင်တာမီလန် အသင်းနှင့် ဘရိုဇိုဘစ် ရဲ့ စာချုပ်ကလည်း ၂၀၂၂ ဇွန်လ ဆို ကုန်ဆုံးမှာဖြစ်လို့ ပြောင်းရွေ့ကြေးသိပ်အများကြီး ပေးစရာမလိုတဲ့ အသင့်သုံး ကွင်းလယ်ခံစစ် တစ်ယောက်ဖြစ်ပါတယ်။