ဂန်းနားတို့ပစ်မှတ်ကို ဝင်ချိတ်တဲ့ ရီးရဲလ်၊ တိုမီယာစု ဒဏ်ရာ၊ အူဘာကို လွမ်းနေသူနဲ့ ယနေ့ အာဆင်နယ် သတင်းများ

ရီးရဲမက်ဒရစ် ဟာ အာဆင်နယ်ပစ်မှတ်ထားနေတဲ့ လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ချိန်ရွယ်လာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ဂျိုနသန်ဒေးဗစ်ရဲ့ အေးဂျင့်က သူ့ကစားသမားအနေနဲ့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမှာဖြစ်ကြောင်း ဖွင့်ဟထားခဲ့ပါတယ်။

အာဆင်နယ်နောက်ခံလူ တိုမီယာဆု ဟာ နော့ဝှစ်ချ်နဲ့ ယှဉ်ပြိုင်မဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။ နော့ဝှစ်ချ်နဲ့ ပွဲမတိုင်ခင် လေ့ကျင့်ခန်း ဆင်းရာမှာ တိုမီယာဆုအနေနဲ့ ပါဝင်နိုင်ခြင်း မရှိခဲ့တာကိုတွေ့ရပါတယ်။ တိုမီယာဆု အနေနဲ့ လိဒ်စ်နဲ့ပွဲမှာ ကြွက်သားနာကျင်မှုကြောင့် ပွဲချိန်ပြည့် မကစားနိုင်ဘဲ လူစားလဲခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ် လူငယ်ကြယ်ပွင့် ပါတီနိုရဲ့ နည်းပြဟောင်းဖြစ်သူက ပါတီနိုအနေနဲ့ အခုလိုမျိုး အာဆင်နယ်မှာ တောက်ပ နေတာ မအံ့သြမိကြောင်း၊ ပါတီနိုရဲ့ ဘောလုံးကို လက်ခံရယူပုံတွေက ထူးခြားကောင်းမွန်ပြီး လီဗာပူး ကွင်းလယ်လူ သီယာဂို လိုပဲ ဖြစ်ကြောင်း ခိုင်းနှိုင်းခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားက ကွင်းလယ်လူ ကာဇိုလာဟာ သူတွဲကစားခဲ့ဖူးသမျှ ကစားသမား တွေ အနက် အကောင်းဆုံး အသင်းဖော် ဖြစ်ကြောင်း၊ ကာဇိုလာရဲ့ ကစားပုံကိုစောင့်ကြည့်ရတာ ကျေနပ်ဖွယ် ကောင်းကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ရိုးမားအနေနဲ့ အာဆင်နယ်ကွင်းလယ်လူ မစ်လန်းနိုင်းလ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။ မစ်လန်းနိုင်းလ် ဟာ အာဆင်နယ်မှာ ကစားခွင့်ရဖို့ ရုန်းကန်ရတဲ့အတွက် ဇန်နဝါရီမှာအသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေသူပါ။

အာဆင်နယ် နောက်ခံလူ ဘန်ဝှိုက်က လက်ရှိအချိန်မှာ တိုက်စစ်မူှး အူဘာမီယန်အနေနဲ့ အသင်းရဲ့လူစာရင်းမှာ ပါဝင်ခြင်း မရှိတဲ့အပေါ် စိတ်ပျက်မိကြောင်း၊ အူဘာမီယန်ဟာ နှစ်လိုဖွယ်ကောင်းသူဖြစ်ပြီး သူတို့အားလုံး လွမ်းဆွတ်လျက် ရှိနေကြကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာဟာ ကစားသမားတစ်ဦးချင်းအပေါ် ထိန်းကျောင်းမှုအားကောင်းမှုဖြစ်ကြောင်း၊ အာဆင်နယ် ကစားသမားတွေအားလုံးက အာတီတာကို လေးစားမှုရှိကြောင်း၊ နောက်ပြီး အာတီတာဟာ အသေးစိတ် ကျပြီး ပရော်ဖက်ရှင်နယ်ဆန်သူ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်က သူ့အနေနဲ့ မာဆေးမှာ အငှားနဲ့ ကစားနေတဲ့ နောက်ခံလူ ဆာလီဘာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိကြောင်း၊ ဆာလီဘာဟာ လက်ရှိ မာဆေးမှာ ကစားလို့ အာဆင်နယ်ကို ပြန်လာဖို့ မတွေးသေးဘူးလို့ ဆိုခဲ့တာဖြစ်ကြောင်း၊ ဒါကသူ့အနေနဲ့ မှန်ကန်တဲ့ စိတ်ဓာတ်ပိုင်းကို ပြသနေတာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။