မန်ယူနေရာ ဆက်ခံပြီး ပရီးမီးယားလိဂ်ရဲ့ ပင်နယ်တီ အများဆုံးရအသင်းဖြစ်လာတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာ နည်းပြတူချယ် ရောက်ရှိလာပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပင်နယ်တီအများဆုံးရရှိတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း စုစုပေါင်း ၁၂ ကြိမ် ရရှိခဲ့တယ်လို့ သိရပါတယ်။
တူချယ်ဟာ ချဲလ်ဆီးအသင်းကို ဇန်နဝါရီလတွင် စတင်တာဝန်ယူခဲ့ခြင်းဖြစ်ပြီး ပထမဆုံးပရီးမီးယားလိဂ်ပွဲမှာ ဝုလ်ဗ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲဖြစ်တယ်။ သူ့လက်ထက် တတိယမြောက်ပွဲအဖြစ် စပါးနဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ ပင်နယ်တီ စတင်ရရှိခဲ့ခြင်းဖြစ်ကာ သူ့လက်ထက် ၃၈ ပွဲအတွင်း ပင်နယ်တီ ရတဲ့ပွဲ ၁၀ ပွဲ ရှိခဲ့ပါတယ်။

မနက်က ဗီလာပွဲမှာလို တစ်ပွဲတည်း ပင်နယ်တီ ၂ ကြိမ်ရရှိတဲ့ပွဲကလည်း (၂) ပွဲရှိခဲ့ကာ စုစုပေါင်းရတဲ့ ပင်နယ်တီ ၁၂ ကြိမ်ကို ဂျော်ဂျင်ဟိုက ၁၀ ကြိမ် မေဆန်မောင့်က ၂ ကြိမ် အဆုံးသတ် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
တူချယ်မတိုင်ခင် ပရီးမီးယားလိဂ်မှာ ပင်နယ်တီ အရဆုံးကလပ်နဲ့ နည်းပြက ယူနိုက်တက်ဖြစ်ပြီး ၂၀၁၈ ကနေ ၂၀၂၁ အတွင်းမှာ ပင်နယ်တီ ၄၈ ကြိမ် ရရှိခဲ့တာဖြစ်တယ်။ ၂၀၂၁ ခုနှစ်မှာတော့ ချဲလ်ဆီးက ယူနိုက်တက်ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်ရဲ့ ပင်နယ်တီ အများဆုံးရ ကလပ်အဖြစ် မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးရဲ့ ပင်နယ်တီ အဆုံးသတ်သူ ဂျော်ဂျင်ဟိုကလည်း သူ့ရဲ့ ၁၀ ကြိမ် အဆုံးသတ်မှုနဲ့အတူ ပရီးမီးယားလိဂ်မှာ နှစ်တစ်နှစ်အတွင်း ပင်နယ်တီကနေ ဂိုးရမှု အများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်ရှိခဲ့ပါတယ်။