ဇန်နဝါရီ ရောက်လာဖွယ် ၃ဦး၊ သူ့ပြောင်းရွှေ့ကြေးကို အံ့သြနေတဲ့ ရမ်ဒေးလ်နဲ့ ယနေ့ အာဆင်နယ် သတင်းများ
အာဆင်နယ် နည်းပြ အာတီတာအနေနဲ့ နောက်ခံလူ တီယာနေးကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်သင့်တယ်လို့ ခရစ်ဆပ်တန်က တိုက်တွန်းလိုက်ပါတယ်။
ဆက်တန် က တီယာနေးကို ဆဲလ်တစ်မှာတည်းက အနီးကပ်စောင့်ကြည့်တယ်လို့ ဆိုခဲ့ပြီး တီယာနေးဟာ ပွဲတိုင်းမှာ စိတ်နှစ်ပြီး ကစားနေကာ အာဆင်နယ်ပရိသတ်တွေကလည်း သူ့ကို အသင်းခေါင်းဆောင် ခန့်စေချင်ကြမယ်လို့ ပြောဆိုလိုက်ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က လူငယ်တိုက်စစ်မှူး အန်ကီတက်ချ်အနေနဲ့ တကယ်လို့ အာဆင်နယ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်လည်း မှန်ကန်တဲ့အသင်းကို ပြောင်းရွှေ့ဖို့ လိုအပ်ကြောင်း သတိပေးခဲ့ပါတယ်။

အာဆင်နယ်ဂန္ထဝင်ဟောင်း Groves က သူ့အနေနဲ့ အိုဒီဂတ်နဲ့ ပတ်သက်ပြီး အစပိုင်းတုန်းက အမှန်တကယ် စိုးရိမ် မိခဲ့ကြောင်း၊ အိုဒီဂတ်ဟာ အရည်အသွေး ရှိပေမဲ့ ပွဲအတွင်းမှာ လွှမ်းမိုး ကစားနိုင်သူ မဟုတ်သော်လည်း အခုတော့ အိုဒီဂတ်ဟာ သူ့ကိုယ်ပိုင်နေရာကို တည်ဆောက်ထားနိုင်ပြီး ကြံ့ခိုင်မှုပိုင်းကလည်း ကောင်းမွန်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာနိုင်တဲ့ ကစားသမား၅ ဦးအထိရှိနေကြောင်း အင်္ဂလန် မီထရိုသတင်း က ဖော်ပြခဲ့ပါတယ်။ တိုက်စစ်မှူးအူဘာမီယန်နဲ့ အန်ကီတက်ချ်၊ ဂိုးသမားလီနို၊ တောင်ပံကစားသမားပီပီ၊ ကွင်းလယ်လူ မစ်လန်းနိုင်းလ်တို့ဟာ အာဆင်နယ်ကနေ ထွက်ခွာဖွယ် ရှိနေတာပါ။
အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက အူဘာမီယန်ကို အသင်းခေါင်းဆောင် ရာထူးကနေ ရပ်စဲလိုက်တဲ့ အာတီတာရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ပြီး ဒါကရဲရင့်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ကြောင်း၊ လက်ရှိ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရင် ကစားသမားတွေ ကလည်း ဒီဆုံးဖြတ်ချက်ကို သဘောတူညီတယ်ဆိုတာ မြင်တွေ့ရနိုင်ကြောင်း သုံးသပ် ခဲ့ပါတယ်။
အာဆင်နယ်ဂိုးသမား ရမ်ဒေးလ်က သူ့အတွက် အသင်းဟောင်း ရှက်ဖီးလ်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး အံံ့အား သင့်ခဲ့မိကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။
မန်ယူ နောက်ခံလူဟောင်း နဗီးလ်က အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ တိုက်စစ်မှုး အူဘာမီယန်ကို ချန်လှပ်ခဲ့တာ ရိုးရှင်းတဲ့ လုပ်ရပ်ကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး လက်ရှိ အာဆင်နယ်ဟာ လာကာဇက်လို အတွေ့အကြုံရင့် ကစားသမားနဲ့ သူ့နောက်မှာ လူငယ်ကြယ်ပွင့်တွေ ဝန်းရံနေတာ စိတ်လှုပ်ရှားဖွယ်ရာ ကစားနေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်ကို ရောက်လာနိုင်တဲ့ ကစားသမား ၃ ဦး က ဖီအိုရင်တီးနားတိုက်စစ်မူှး ဗလာဟိုဗစ်၊ ဂလာဘတ်ချ် ကွင်းလယ်လူ ဇာကာရီယာနဲ့ ဂျူဗင်တပ်ကွင်းလယ်လူ ကူလူဆက်စကီးတို့ ဖြစ်တယ်လို့ အင်္ဂလန် သတင်းတွေက ဆိုပါတယ်။
အာဆင်နယ်ဟာ ပါတေးနဲ့ အယ်လ်နီနီတို့ အာဖရိဖလားသွားမဲ့ အခြေအနေကြောင့် ဒီ ဇန်နဝါရီမှာ ကွင်းလယ်ပိုင်းကို ဦးစားပေး အားဖြည့်ဖွယ် ရှိနေပါတယ်။