ချေးဝဲလ်နေရာ ပစ်မှတ်များ၊ ဘာစီနဲ့ ကွီတာ၊ တူချယ်ရဲ့ တောင်းဆိုမှုနဲ့ ယနေ့ည ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်က သူတို့အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ဖြစ်ဖို့ အခွင့်အရေး ကြီးမားစွာ ရှိနေသေးကြောင်း၊ သူတို့အနေနဲ့ ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်နိုင်မယ်လို့ယုံကြည်ကြောင်း၊ လက်ကျန် ပွဲစဉ်တွေကို အပြည့်အ၀ အာရုံစိုက်သွားရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
ချဲလ်ဆီး နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကတော့ ပွဲရွှေ့ဆိုင်းမှု မပေးခဲ့တဲ့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံ နောက်တကြိမ် စောဒက တက်ခဲ့ပြီး လူစားလဲခွင့် ၅ကြိမ် ပြန်လည် ခွင့်ပြုပေးဖို့ကို အက်စတွန် ဗီလာနဲ့ ပွဲအပြီး အင်တာဗျူးမှာ တောင်းဆိုခဲ့ပါတယ် ။

လာဇီယိုနည်းပြ ဆာရီအနေနဲ့ ချဲလ်ဆီး ကစားသမားဟောင်းတစ်ဦးကို ပြန်လည်ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။ ဆာရီ က ချဲလ်ဆီး တောင်ပံကစားသမား အိုဒွိုင်းကို ဇန်န၀ါရီအပြောင်းအရွှေ့မှာ အငှားနဲ့ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
ချဲလ်ဆီး အသင်းမှာ ဘရိုက်တန် နဲ့ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ ကိုင်ဟာဗက်ဇ်နဲ့ ကွင်းလယ်လူ ကန်တီတို့ရဲ့ ဒဏ်ရာအခြေအနေ ကောင်းမွန်နေပါတယ်။ သူတို့ဟာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပြီး ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်လာနိုင်ချေ ရှိနေတာပါ။
ချဲလ်ဆီး နောက်ခံလူ အက်ပီကွီတာ ဟာ ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ကြောင်း စပိန်သတင်းတွေကက ဖော်ပြထားပါတယ်။ အက်ပီကျူတာရဲ့စာချုပ်ဟာ ရာသီကုန်ုမှာ ကုန်ဆုံးမှာဖြစ်ပြီး ဘာစီကို အလွတ်နဲ့ ပြောင်းရွှေ့မှာပါ။
အဲဗာတန်အနေနဲ့ ချဲလ်ဆီးကွင်းလယ်လူ ဘာကလေကို ဇန်န၀ါရီအပြောင်းအရွှေ့မှာ အငှားနဲ့ခေါ်ယူဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။ အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ ဒီရာသီ ချဲလ်ဆီးမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်ရနေပြီး အဲဗာတန် နည်းပြ ဘင်နီတက်ဇ်က ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ ဘာကလေကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ချဲလ်ဆီးအနေနဲ့ ရာသီကုန်အထိ အနားယူရဖွယ်ရှိနေတဲ့ နောက်ခံလူ ဘင်ချီဝဲလ်ရဲ့ နေရာမှာ အစားထိုးဖို့ ဇန်န၀ါရီမှာ ကစားသမားသစ် အားဖြည့်ဖို့ လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ ချဲလ်ဆီးအနေနဲ့ ဘာစီလိုနာ နောက်ခံလူ ဆာဂျီနိုဒက်စ်နဲ့ လိုင်ယွန်ကြယ်ပွင့် ပယ်မီးယက်စ်တို့ကို ပစ်မှတ်ထားနေတာပါ။

ချဲလ်ဆီးကစားသမားဟောင်း လီဘော်က သူဟာ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့ အမာခံပရိသတ်ဖြစ်ပြီး အလွန် လေးစားမှု ရှိကြောင်း၊ ဂျော်ဂျင်ဟိုဟာ ပင်နယ်တီကန်သွင်းရာမှာ အထူးကျွမ်းကျင်ကြောင်း၊ ဂျော်ဂျင်ဟိုဟာ သန်မာလွန်းသူ ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။
ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနည်းပြ မတ်ရော်ဘင်စ်က ချဲလ်ဆီးအနေနဲ့ ဒဏ်ရာရနေတဲ့ ဘင်ချီဝဲလ်ရဲ့ နေရာမှာ အစားထိုးဖို့ သူတို့ဆီက နောက်ခံကြယ်ပွင့် Maatsen ကို ပြန်လည် ခေါ်ယူလို့မရကြောင်း၊ စာချုပ်ထဲမှာဇန်န၀ါရီမှာ ပြန်ခေါ်ခွင့် ထည့်သွင်း ချုပ်ဆိုမထားကြောင်း ဖွင့်ဟခဲ့ပါတယ်။