ကာရေဂါ ဖော်ထုတ်လိုက်တဲ့ မန်ယူနဲ့အပြိုင် အဆင့် ၄ နေရာအတွက် ပြိုင်ဆိုင်နိုင်မယ့် အသင်း

စကိုင်းစပေါ့မှ သုံးသပ်သူ ကာရေဂါကတော့ ဒီရာသီမှာ ထိပ်ဆုံး ၄ သင်းထဲက တစ်နေရာကို ဝင်လုနိုင်မယ်လို့ ရေပန်းစားနေတဲ့ အာဆင်နယ်နဲ့ ယူနိုက်တက်ကို ဖယ်ထုတ်ပြီး အခြားသော ကလပ်ကို အဆင့် ၄ နေရာအတွက် ရွေးချယ်ခဲ့ပါတယ်။

ကာရေဂါ ရွေးချယ်ခဲ့တာက လန်ဒန်ကလပ် စပါးအသင်းဖြစ်ပြီး လက်ရှိနည်းပြကွန်တီရဲ့ အရည်အချင်းတွေကြောင့် စပါးဟာ ချန်ပီယံလိဂ်ဝင်ခွင့် အောင်မြင်မယ့် အခွင့်အရေး ရှိနေတယ်လို့ ကာရေဂါက ယုံကြည်နေပါတယ်။ သူကတော့ စပါးက ကွန်တီလက်အောက်မှာ ထိပ်တန်းအသင်းတစ်သင်း ဖြစ်လာနိုင်တယ်လို့ မြင်နေပါတယ်။

“ စပါးတို့ ရာသီကုန်ရင် ထိပ်ဆုံးလေးသင်းထဲဝင်ဖို့ အခွင့်အရေးကောင်း ရှိနေတယ်လို့ ကျွန်တော် ထင်ရတဲ့ အကြောင်းပြချက်ကတော့ သူတို့မှာ တကယ်ကောင်းတဲ့ နည်းပြရှိနေလို့ပါပဲ။ သူတို့ဟာ ကလော့ပ်၊ ဂွာဒီယိုလာ၊ တူချယ်တို့ကို ရင်ဆိုင်နိုင်တဲ့ နည်းပြမျိုး ရထားတာပါ။

သူ့ရဲ့ မှတ်တမ်းကိုကြည့်လိုက်ပါ။ ကျနေ်ာတို့က ပရီးမီးယားလိဂ်မှာ ရာသီဝက်လောက် ကိုင်တွယ်ပြီး ကောင်းကောင်းလုပ်ပြခဲ့တဲ့ နည်းပြတစ်ယောက်အကြောင်း ပြောနေတာ မဟုတ်ပါဘူး။ သူဟာ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား အောင်မြင်ခဲ့တယ်။ စပါးမှာ သိပ်ကောင်းတဲ့ စတင်မှုကို ရရှိနေခဲ့တယ်။

သူ့ရဲ့ နိုင်ပွဲအချိုးက ပရီးမီးယားလိဂ်မှာ အကောင်းဆုံးစာရင်းထဲ ဝင်ပါတယ်။ စပါးရဲ့သမိုင်းမှာ အအောင်မြင်ဆုံးနည်းပြက ၁၉၆၁ မှာ ဖလားနှစ်လုံး အောင်မြင်ခဲ့တဲ့ ဘီလ် နီကိုလ်ဆန် ဖြစ်ခဲ့တယ်။ သူတို့ဟာ ဒီလိုအဆင့်အတန်းနဲ့ နည်းပြမျိုး ဘယ်တော့မှ ထပ်မရခဲ့ဘူး။

ဟိုဆေးမော်ရင်ညိုကရောလို့ လူတွေက ထောက်ပြကြမယ်။ ဒါပေမယ့် မော်ရင်ညိုက အကောင်းဆုံး အချိန်မှာ ရှိနေခဲ့တာ မဟုတ်ပါဘူး။ သူတို့တွေဟာ အခုချိန်မှာ အကောင်းဆုံးအချိန်ကို ရောက်နေတဲ့ ထိပ်တန်းနည်းပြကို ရထားတာကြောင့် ထိပ်ဆုံးလေးနေရာ ပြိုင်ဆိုင်မှု အခွင့်အရေး ရှိနေတာပါ ” လို့ ကာရေဂါက ဆိုခဲ့တာဖြစ်ပါတယ်။