ဒီဘရိုင်းရဲ့ ကလပ် ကစားသမားဘဝ တစ်ကြိမ်လောက် အနိုင်ရဖူးလိုတဲ့ ဆုဖလား
ကွင်းလယ်လူ ဒီဘရိုင်းက မန်ချက်စတာကလပ်နဲ့အတူ ဥရောပအဆင့်အမြင့်ဆုံးလို့ ဆိုရမယ့် ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်လောက်တော့ အောင်နိုင်လိုပါကြောင်း ထုတ်ပြောသွားပါတယ်။
ဒီအပတ် ချန်ပီယံလိဂ်ပွဲကြို အင်တာဗျူးမှာ ဒီဘရိုင်းက အဆိုပါအကြောင်းကို ဖွင့်ဟလာတာပါ။ မန်စီးတီးဟာ မနှစ်က ဘောလုံးရာသီမှာ ကလပ်သမိုင်း ပထမဆုံးအဖြစ် ဥရောပဗိုလ်လုပွဲကို ရောက်ခဲ့ပေမယ့် တစ်နိုင်ငံတည်း ပြိုင်ဘက်ဖြစ်တဲ့ ချယ်ဆီးကို အရေးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရတာဖြစ်တယ်။
အင်္ဂလန်ပြည်တွင်းမှာ မန်စီးတီးရဲ့ တောက်ပမှုတွေအရ သူတို့တွေကို ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ များစွာသော ပရိသတ်တွေက မျှော်လင့်ထားပါတယ်။ မနှစ်ကရာသီမှာ ဆုဖလားနဲ့ လက်တစ်ကမ်းအကွာက နုတ်ဆက်ရခြင်းအတွက် မေးခွန်းထုတ်ခံရချိန်မှာ ဒီဘရိုင်းက အခုလို ဖြေဆိုပေးခဲ့ပါတယ်။
ဒီဘရိုင်းက ” ဆုဖလားတွေကို ယှဉ်ပြိုင်နိုင်ရေးအတွက် ကျနေ်ာတို့အသင်းမှာ အမြင့်ဆုံး အဆင့်တွေကို ဆက်ထိန်းနိုင်ဖို့ အမြဲတမ်း ကြိုးစားပါတယ်။ မနှစ်ကလည်း ဒါကို လုပ်နိုင်ခဲ့တယ်။ ဆီမီးဖိုင်နယ် နှစ်ခုကို အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲ တစ်ခုကို အနိုင်ရခဲ့တယ်။ တခါတလေမှာတော့ ရှုံးနိမ့်နိုင်တယ်ဆိုပေမယ့် အသင်းက ဆက်သွားနိုင်ရပါမယ်။

ကုန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်မှာ ကျနေ်ာတို့တွေ အင်္ဂလန်ပြည်တွင်းမှာ အောင်မြင်မှုတွေအရ အဆင့်အတန်းတွေက ပိုပိုပြီး မြင့်မားလာတာပေါ့ဗျာ။ ဒါကြောင့်ပဲ လူတိုင်းက ကျနေ်ာတို့အသင်း ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ မျှော်လင့်လာကြတာပေါ့။
ကျနေ်ာတို့ အခုချိန်ထိ ချန်ပီယံလိဂ်ဖလား အနိုင်မရသေးပါဘူး။ ဒါပေမယ့် ကျနေ်ာတို့ ကြိုးစားနေပါတယ်။ ကျနော်ရဲ့ မန်စီးတီးမှာ ရှိနေတုန်း ချန်ပီယံလိဂ်ဖလား တစ်လုံးကို အနိုင်ရဖို့ မျှော်လင့်ပါတယ်။
ကလပ်ပြင်ပက လူတွေကတော့ အသင်းနဲ့ ချန်ပီယံလိဂ်ဖလား အနိုင်ရမှ ဂန္တဝင်တစ်ယောက်လို့ မြင်ကောင်းမြင်နိုင်ပေမယ့် အဲ့တာက ကိုယ်ရဲ့ အနေအထားကို သတ်မှတ်ပေးမှာ မဟုတ်ပါဘူး။ ကုန်ခဲ့တဲ့ ၆ နှစ်အတွင်း မန်စီးတီးအတွက် လုပ်ပေးနိုင်မှုတွေကို ကျေနပ်မိပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။