အူဘာမီယန်း နေရာ အစားထိုးဖို့ အာဆင်နယ် ချိန်ရွယ် ပစ်မှတ်ထားလာတဲ့ ကစားသမား ၄ ဦး ရှိနေ

အာဆင်နယ် အသင်းဟာ တိုက်စစ်မှုး အူဘာမီယန်း မရှိတော့မယ့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်နေပြီး အစားထိုးဖို့ ကစားသမား ၄ဦး ကို ဆန်ခါတင် ပစ်မှတ်ထားကြောင်း သိရပါတယ်။

အူဘာမီယန်းဟာ စည်းကမ်းပိုင်း ချိုးဖောက်မှုအတွက် အသင်းခေါင်းဆောင်ရာထူးက ဖယ်ရှားခံခဲ့ရသလို အသင်းကနေ ချန်လှပ်ထားခံထားရပါတယ်။ ဂါဘွန်သားဟာ အာဆင်နယ်ရဲ့ နောက်ဆုံး ၅ပွဲကို လွဲချော်ခဲ့ပြီး လက်ရှိမှာတော့ အာဖရိကဖလား ကစားဖို့ နိုင်ငံအသင်းမှာ သွားရောက်ပူးပေါင်းခဲ့ပါတယ်။

အူဘာမီယန်းရဲ့ အာဆင်နယ် ကစားသမားဘ၀ နောက်ဆုံး အခြေအနေကို ရောက်လာနေချိန်မှာ ဂန်းနားတွေဟာ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပစ်မှတ် ၄ဦးကို စတင်သတ်မှတ်ထားခဲ့တယ်လို့ ESPN က ဆိုပါတယ်။

ထို ပစ်မှတ်တွေထဲမှာ အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်းစ်၊ အဲဗာတန်တိုက်စစ်မှူး ကယ်ဗက်လီဝမ်တို့ ပါဝင်ခဲ့ပါတယ်။ အာဆင်နယ် အမာခံပရိသတ် ဝက်ကင်းစ်ဟာ ဗီလာကို ပြီးခဲ့တဲ့ရာသီက ရောက်လာပြီးနောက် ၅၅ပွဲ ကစားခဲ့ရာမှာ ၂၁ဂိုးထိ သွင်းယူထားခဲ့ပါတယ်။

အာတီတာဟာ ဝက်ကင်းစ်ရဲ့ ကစားပုံနဲ့ နေရာစုံသုံးနိုင်မှုအပေါ် ကြိုက်နှစ်သက်လျက် ရှိနေတယ်လို့ ဆိုပါတယ်။ ကယ်ဗက်လီဝမ်ဟာ ဒဏ်ရာပြင်းထန်စွာ မရမီ ယခုနှစ်ရာသီ အဲဗာတန်အတွက် ၃ဂိုး သွင်းယူထားခဲ့ပါတယ်။ အာတီတာရဲ့ ပစ်မှတ်တွေထဲ ဖီအိုရင်တီးနားမှာ ယခုနှစ်ရာသီ ပွဲ၂၀မှာ ၁၈ဂိုး သွင်းထားတဲ့ ဗလာဟိုဗစ်လည်း ပါဝင်ခဲ့ပါတယ်။

ဗလာဟိုဗစ်ဟာ ဖီအိုရင်တီးနားနဲ့ စာချုပ်သက်တမ်း ၁၈လသာ ကျန်တော့ပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုးလိုခြင်း မရှိပါဘူး။ အာတီတာရဲ့ နောက်ဆုံးပစ်မှတ်ကတော့ ယူရို၂၀၂၀မှာ ဆွီဒင်အတွက် ခြေစွမ်းပြခဲ့တဲ့ ဆိုစီဒက်တိုက်စစ်မှူး အီဆက်ပဲ ဖြစ်ပါတယ်။ အီဆက်ဟာ ယမန်နှစ်ရာသီက လိဂ်ဂိုး ၁၇ဂိုးထိ သွင်းယူခဲ့ပေမဲ့ ယခုနှစ်ရာသီမှာတော့ ပြိုင်ပွဲစုံ ၂၁ပွဲမှာ ၇ဂိုးသာ သွင်းထားနိုင်ခဲ့ပါတယ်။

အာတီတာအနေနဲ့ ယခု ဇန်နဝါရီအပြောင်းအရွှေ့အတွင်း အဆိုပါ ကစားသမားတွေကို ခေါ်ယူဖို့က ခက်ခဲနိုင်ပြီး လာမယ့် နွေရာသီထိ စောင့်ဆိုင်းသွားရနိုင်ပါတယ်။ အာတီတာဟာ ရာသီကုန် စာချုပ်သက်တမ်း ကုန်တော့မယ့် လာကာဇက်တီကိုလည်း နွေမှာ ဆုံးရှုံးရဖို့ ရှိနေပါတယ်။