မန်ယူမှာ ခံစစ်နည်းပြ လုပ်ချင်တဲ့ ဖာဒီနန်၊ အသင်းသစ် ပြောင်းတဲ့ တွမ်ဇီဘီနဲ့ ယနေ့ညပိုင်း မန်ယူ သတင်းများ
အက်စတွန်ဗီလာမှာ အငှား သွားရောက် ကစားနေတဲ့ မန်ယူ နောက်ခံလူ တွမ်ဇီဘီ ဟာ နာပိုလီ အသင်းထံ ရာသီကုန်ထိ အငှား သွားကစားဖို့ ထပ်မံ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပြီး ဇန်နဝါရီမှာ ဗီလာကနေ ထွက်ခွာပြီ ဖြစ်ပါတယ်။
မန်ယူ အသင်းမှာ မက်ဂွဲရားထက် စာရင် ဂိုးသမား ဒီဂီယာက အသင်းခေါင်းဆောင် ဖြစ်သင့်တယ်လို့ ဖာဒီနန်က ထုတ်ပြောလိုက်ပါတယ်။ အသင်းခေါင်းဆောင် ဆိုတာ ကြီးမားတဲ့ တာဝန်ယူရသူဖြစ်ပြီး မက်ဂွဲရားအနေနဲ့ အသင်းခေါင်းဆောင် ရာထူးထက် ခြေစွမ်းပိုင်းကို ပိုပြီးအာရုံစိုက်သင့်ကြောင်း ဖာဒီနန်က မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက မန်ယူကို ပြောင်းရွှေ့ခဲ့တဲ့ ဆန်ချိုရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး ဆန်ချိုအနေနဲ့ မန်ယူကိုပြောင်းရွှေ့တာ မှားယွင်းကြောင်း ဝေဖန်ခဲ့ပါတယ်။ ဆန်ချိုဟာ မန်ယူကို ပေါင် ၇၃သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမဲ့ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာပါ။
ဘယ်ဂျီယံနည်းပြ မာတီနက်ဇ်က လက်ရှိ မန်ယူမှာ ပွဲကစားခွင့်ပျောက်ဆုံးနေတဲ့ ဒိန်းဟန်ဒါဆန်ရဲ့ ခံစားချက်ကို နားလည်ကြောင်း၊ ပုံမှန် ကစားခွင့်ရနေရာမှ နံပါတ် ၂ဖြစ်သွားတာ ခက်ခဲကြောင်း၊ ဟန်ဒါဆန်အနေနဲ့အနာဂတ်နဲ့ ပတ်သက်ပြီး သူ လိုချင်တာကို ဆုံးဖြတ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က မန်ယူအသင်းကသာ သူ့ကို ခံစစ်နည်းပြအဖြစ် ကမ်းလှမ်းလာရင် လက်ခံသွားမှာ ဖြစ်ကြောင်း၊ သူ့အနေနဲ့ မန်ယူကို ကူညီပေးစေလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။ လက်ရှိမှာမန်ယူခံစစ်ကြောင်းအနေနဲ့ ရုန်းကန်နေရတာပါ။
ဝုဗ်နည်းပြ ဘရူနိုလိတ်က စီရော်နယ်ဒိုအနေနဲ့ ကမ္ဘာပေါ်က ဘယ်အသင်းမှာမဆို ကစားလို့ရကြောင်း၊ တကယ်လို့ သူ မန်ယူကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဝုဗ်က နွေးထွေးစွာကြိုဆိုနေမှာဖြစ်ကြောင်း၊ တကယ်လို့ မန်ယူအနေနဲ့ စီရော်နယ်ဒို ရှိနေလို့ မပျော်ရွှင်ဘူးဆိုရင် မိမိတို့အသင်းမှာ သူ့အတွက်နေရာရှိကြောင်း အရွှန်းဖောက်ခဲ့ပါတယ်။

မန်ယူ ကစားသမားဟောင်း ပေါလ်အင့်က ကွင်းလယ်လူ တွမ်မီနေးအနေနဲ့ ဒီထက်ပိုပြီး ဂိုးသွင်းနိုင်မယ် ဆိုရင် အလွန် ကောင်းတဲ့ ကစားသမား ဖြစ်လာမှာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့နှစ်က တွမ်မီနေးဟာ မန်ယူရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦးဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်ယူအနေနဲ့ အာဂျင်တီးနားကြယ်ပွင့် အယ်ဗာရက်ဇ်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ၂၁ နှစ်အရွယ် ကစားသမားကို ရရှိဖို့မန်ယူက အပြင်းအထန် ကြိုးပမ်းလျက်ရှိနေပြီး သူ့ တန်ကြေး က ယူရိုသန်း ၂၀ ရှိနေတာပါ။