ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူသစ်ခေါ်ယူမလား ပြောပြပေးသွားတဲ့ မန်ယူနည်းပြ ရန်းနစ်

ယူနိုက်တက် မန်နေဂျာ ရန်းနစ်က ကလပ်ရဲ့ တိုးတက်မှုတွေကို နှစ်သက်နေပြီး အဆင့် ၄ အတွင်း ဝင်ဖို့ဆိုတာထက် ပိုမို တိုးတက်တဲ့ စွမ်းဆောင်ရည်တွေကို မျှော်လင့်နေသလို အပြောင်းအရွှေ့ကနေ ကစားသမားသစ် ခေါ်ယူဖို့ကို အာရုံစိုက်နေမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

ယူနိုက်တက်ဟာ နိုင်ပွဲတွေ ဆက်တိုက် ရယူနိုင်ခြင်း မရှိပေမယ့် နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၈ ပွဲဆက်တိုက် အရေးမနိမ့်တဲ့ အနေအထားကောင်းကို ရယူလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နေရာအချို့မှာ ယူနိုက်တက်က အားဖြည့်ဖို့ လိုအပ်နေတယ်လို့ ယူဆချက်တွေ ရှိနေပြီး ရန်းနစ်ကတော့ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေအပေါ်မှာပဲ ပိုမို အာရုံစိုက်နေပါတယ်။

၂၀၂၁ ကို နုတ်ဆက်ရတဲ့ ဘန်လေပွဲအပြီးမှာ ဇန်နဝါရီဈေးကွက်အတွင်း ယူနိုက်တက်ရဲ့ လှုပ်ရှားမှုတွေ ရှိလာမလားဆိုတာအတွက်လည်း သတင်းစကား ပါးခဲ့ပါတယ်။

ရန်းနစ်က ” ဘန်လေပွဲက မျှော်မှန်းထားသလိုပဲ အတော် ခက်ခဲတဲ့ ပွဲပါ၊ ကာယပိုင်း အားပြုတဲ့ အသင်း တစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်တယ်။ ကျနော်တို့ကလည်း ကိုယ့်အသင်းမှာ ရှိတဲ့ အရည်အသွေးတွေကို ပြသနိုင်ခဲ့တယ်။

တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်က အများကြီး ပိုကောင်းလာတယ်။ တောင်ပံတွေက စွမ်းဆောင်ရည်တွေလည်း ကျနော် သဘောကျတယ်။ ဂျာဒန် ကောင်းကောင်း လုပ်နိုင်ခဲ့သလို မေဆန်လည်း ကောင်းတယ်။ အက်ဒီနဲ့ ခရစ္စတီယာနိုတို့ရဲ့ လုပ်အားနှုန်းကလည်း အံ့ဖွယ်ပါ။

အနည်းဆုံး အဆင့် ၄ အထိ မျှော်မှန်းတယ်လို့ ကျနော်ကတော့ မပြောချင်ဘူး။ အခုက နောက်ထပ် တိုးတက်လာဖို့ အတွက် ခြေလှမ်းတွေ ယူနေတာပါ။ အခုဆို ၈ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိတော့ဘူး။ ကျနော်တို့ နောက်တစ်ဆင့်အတွက် ခြေလှမ်းတွေ သွားနေတာ။

ကျနော်က အခု လက်ရှိ ကစားသမားတွေ အပေါ်ပဲ အာရုံစိုက်တယ်။ အသင်း လူစာရင်းမှာ လုံလောက်တဲ့ ကစားသမားတွေ ရှိတယ်။ ဆောင်းရာသီမှာ ကစားသမား ခေါ်တယ် ဆိုတာ အသင်းကို အင်အားဖြည့်ဖို့ လိုကို လိုမှ လုပ်သင့်တာပါ။ အခုထိတော့ ဒီအကြောင်း သေချာ မပြောကြရသေးဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရမှတ် ၃၁ မှတ်ဖြင့် ရှိနေတာဖြစ်ပြီး အဆင့် ၄ နေရာက အာဆင်နယ်နဲ့ ၄ မှတ် ကွာဟနေတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ တစ်ပွဲလျော့ ကစားထားတာဖြစ်ပြီး နှစ်သစ်မှာ အာဆင်နယ်အသင်း ရှုံးပွဲတွေ့မှုကြောင့် ရမှတ်ကွာဟမှုကို ပိုမို လျော့ချနိုင်ဖို့ အခွင့်အရေး ရှိနေတာ ဖြစ်ပါတယ်။