ခေါက်ထားခံရတော့မယ့် လူကာကူ၊ ဂလယ်ဟာကို ချိန်နေတဲ့ ပီအက်စ်ဂျီနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ချဲလ်ဆီးနည်းပြတူချယ်က သူတို့အနေနဲ့ မန်စီးတီးနဲ့ ၁၁ မှတ်အထိ ကွာဟနေပေမဲ့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ ဆု အတွက် အရှုံးပေးမှာ မဟုတ်ကြောင်း၊ သူတို့အနေနဲ့ မန်စီးတီးကို အမှီလိုက်ဖို့ ရပ်တန့်လိုက်မှာ မဟုတ်ဘဲ ယုံကြည်ချက် ရှိရှိနဲ့ အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်အနေနဲ့ အသင်းမှာ မပျော်ရွှင်ဘဲ အင်တာမီလန်ကို ပြန်ပြောင်းချင်တယ်လို့ ထုတ်ပြောခဲ့တဲ့ တိုက်စစ်မှူး လူကာကူကို အရေးယူသွားဖွယ် ရှိနေပါတယ်။ တူချယ်အနေနဲ့ လီဗာပူးနဲ့ပွဲမှာ လူကာကူကို ချန်လှပ်သွားဖွယ် ရှိနေတာပါ။

လီဗာပူး နည်းပြကလော့အနေနဲ့ကိုဗစ်ကူးစက်ခဲ့လို့ ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်မဲ့ပွဲစဉ်ကို ကြီးကြပ်ခွင့်ရမှာ မဟုတ်ဘဲ လွဲချော်တော့မှာပါ။ နောက်ထပ် နည်းပြအဖွဲ့ဝင် ၃ ဦးလည်း အဖျားဝေဒနာကြောင့်အဆိုပါပွဲကို လွဲချော်မှာဖြစ်ပြီး လက်ထောက်နည်းပြ ပက် လင်ဒါးစ်က တာဝန်ယူကိုင်တွယ်သွားမှာပါ။

ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်း အန်ဒရေဖလိုကတော့ အသင်းမှာ ၁၀ နှစ်ကြာ ကျင်လည်လာခဲ့ပြီးနောက် နော်ဝေကလပ် ဆွန်ဒါအသင်းကို ကိုင်တွယ်ဖို့ ချဲလ်ဆီးကနေ ထွက်ခွာခဲ့ပါပြီ။ ၄၈ နှစ်အရွယ်ရှိ ဖလိုဟာ ချဲလ်ဆီးမှာ ၁၉၉၇-၂၀ ခုနှစ်မှာ ကစားခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။ အဲဒီနောက် ချဲလ်ဆီးကို ပြန်လာကာ ရာထူးမျိုးစုံနဲ့ တာဝန် ထမ်းဆောင်ခဲ့သူပါ။

အင်္ဂလန်ကစားသမားဟောင်း ဂျွန်ဆင်က ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမဲ့ ချဲလ်ဆီးနဲ့ လီဗာပူးတို့ရဲ့ပွဲဟာ ခန့်မှန်းရခက်တဲ့ ပွဲစဉ်မျိုး ဖြစ်ကြောင်း၊ ဒီပွဲမှာ အနိုင်ရမဲ့အသင်းကို ဘယ်သူ့မှ ယုံကြည်မှု ရှိရှိနဲ့ ခန့်မှန်းရဲမှာမဟုတ်ကြောင်း၊ ဒါပေမဲ့ မိမိ အနေနဲ့ကတော့ ချဲလ်ဆီးအနေနဲ့ ၁-၀ ဂိုးနဲ့ အနိုင်ရမယ်လို့ ခံစားနေရကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ အက်သလက်တီကိုနောက်ခံလူ ထရစ်ပီယာကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ချဲလ်ဆီးဟာ ဒဏ်ရာရရှိသွားတဲ့ ရီစီဂျိမ်းစ်ရဲ့နေရာမှာအစားထိုးဖို့အတွက် ကစားသမားသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က ချဲလ်ဆီး အနေနဲ့ ဘရိုက်တန် ကစားသမားနှစ်ဦး ဖြစ်တဲ့ ကူကူရယ်လာနဲ့ ဘစ်ဆိုမာတို့ကို ပစ်မှတ်ထားသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို က ပဲလေ့စ်မှာ အငှား ကစားနေတဲ့ ချဲလ်ဆီးလူငယ်ကြယ်ပွင့် ဂယ်လင်ဟာကို ခေါ်ယူပေးဖို့ အသင်းထံ တိုက်တွန်းထားကြောင်း သိရပါတယ်။