နည်းပြအဆင့်မှာလည်း ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက်တွေ့လာတဲ့ လမ်းပတ်၊ ဂျရတ်နဲ့ ရွန်းနီ

ချန်ပီယံရှစ်ကလပ် ဒါဘီအသင်း နည်းပြ ဝိန်းရွန်နီဟာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်း နည်းပြရာထူးကို စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

နယူးကာဆယ် အနေနဲ့ လက်ရှိနည်းပြ စတိဗ်ဘရုစ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့မယ်ဆိုရင် အဆိုပါရာထူးအတွက် လမ်းပတ်၊ ဂျရတ်တို့နဲ့အပြိုင် ဝင်အရွေးခံဖို့ကို ရွန်နီက ဆန္ဒရှိနေတာဖြစ်ပါတယ်။

လမ်းပတ်က လက်ရှိ အသင်းလက်မဲ့အဖြစ် ရှိနေသူဖြစ်ပြီး နောက်ထပ် တာဝန်ယူရမယ့် အလုပ်တာဝန်ကို စောင့်ဆိုင်းနေသူဖြစ်တယ်။ ရိန်းဂျားမန်နေဂျာ စတီဗင်ဂျရတ်ကိုလည်း နယူးကာဆယ်ဘက်က နည်းပြသစ် တာဝန်အတွက် စိတ်ဝင်စားပေမယ့်လို့ လွတ်လပ်စွာ လက်မှတ်ထိုးနိုင်မယ့် လမ်းပတ်က ပိုမို အရေးသာမယ် ယူဆခံရတယ်။

ဒါပေမယ့်လို့ နယူးကာဆယ်ကတော့ ကာလရှည်အတွက် ဘယ်သူကို တာဝန်ပေးမယ်ဆိုတဲ့အစား စတိဗ်ဘရုစ်နေရာမှာ ယာယီ နည်းပြတစ်ဦးကို တာဝန်ပေးလိုနေတာပါ။ ရွန်နီက ပရီးမီးယားလိဂ်ကို နည်းပြတစ်ဦးအဖြစ်နဲ့ ပြန်ရောက်လိုနေကာ ရေတိုစာချုပ်ဆိုရင်တောင် လက်ခံဖို့ အသင့်ရှိနေတာဖြစ်ပါတယ်။

တကယ်လို့ နယူးကာဆယ်နည်းပြဖြစ်လာပါက ဒါဘီမှာ ဂိုးနည်းပြအဖြစ် တာဝန်ယူနေတဲ့ နယူးကာကယ် နာမည်ကျော် ဂိုးသမားဟောင်း ရှေးဂစ်ဗင်ကိုပါ သူနဲ့အတူ ခေါ်ဆောင်လာဖို့ ရွန်နီက ပြင်ဆင်ထားကြောင်းလည်း သိရတယ်။

ပိုင်ရှင်သစ် အပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက် ပထမဆုံး ကစားခဲ့တဲ့ပွဲမှာ နယူးကာဆယ်က စပါးကို ၂-၃ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ စတိဗ်ဘရုစ်ဟာ အဆိုပါပွဲစဉ် မတိုင်ခင်ကတည်းက ထုတ်ပယ်ခံရမယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့် သူ့ရဲ့နည်းပြဘဝ ပွဲပေါင်း ၁၀၀၀ ပြည့်တဲ့ပွဲကို ကိုင်တွယ်ခွင့်ရရှိခဲ့ကာ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။