ဒီကလန်ရိုက်စ်၊ ဗန်ဒါဘတ်ချ်၊ ဒိုလေး အပေါ် ဝေဖန်တာ ပြန်လျှော့လိုက်တဲ့ ဘူဖွန်နဲ့ ယနေ့ည မန်ယူ သတင်းများ

ဒီည ဝုဗ်နဲ့ ပွဲအတွက် မန်ယူအသင်းသားတွေ လိုဝီဟိုတယ်ကို စုရုံး ရောက်ရှိလာခဲ့ရာမှာ အသင်းခေါင်းဆောင် မက်ဂွဲရား မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

မန်ယူနည်းပြ ရန်နစ်က တိုက်စစ်မှူးကာဗာနီဟာ မိမိတို့အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပြီး မန်ယူအနေနဲ့ သွင်းဂိုးတွေအတွက် အားထားရတဲ့တိုက်စစ်မှူး ကာဗာနီကို အသင်းမှာ ဆက် ထိန်းထားသင့်တယ် ဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

လိဒ်စ်ကစားမားဟောင်း ဝီလန်းကတော့ မန်ယူကစားသမားတွေရဲ့ လေ့ကျင့်ရေးကွင်းက ပုံစံနဲ့ပတ်သက်ပြီး ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။ မန်ယူကစားသမားတွေအနေနဲ့ နည်းပြရန်နစ်ရဲ့ လေ့ကျင့်ချိန် ကြာမြင့်မှု အပေါ် မပျော်မရွှင်ဖြစ်နေတယ် လို့ သိရပြီး မန်ယူ ကစားသမားတွေအနေနဲ့ ဘောလုံးကစားဖို့ ပိုက်ဆံများစွာ ရရှိထားကြပြီး ရန်နစ်အနေနဲ့ သူလိုချင်တဲ့ အနေအထားရောက်အောင် အချိန်ပို လုပ်ခိုင်းမှာဖြစ်ကြောင်း ဝီလန်က ဆိုခဲ့တာပါ။

နည်းပြ ရန်နစ်က ကွင်းလယ်လူ ဗန်ဒီဘတ်ချ်ကို ရာသီကုန်အထိ အသင်းမှာ ဆက်ရှိစေချင်ကြောင်း၊ ဗန်ဒီဘတ်ချ်ဟာ လေ့ကျင့်ရေး အစီအစဉ်တိုင်းမှာ ကြိုးပမ်းသူဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာလည်း သန်မာကြောင်း ဆိုခဲ့ပါတယ်။

စီရော်နယ်ဒို အပေါ် ဝေဖန်ခဲ့တဲ့ ဂယ်ရီနဗီးလ် ကို အာဆင်နယ်တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်က ပြန်လည် ပြစ်တင်ခဲ့ပြီး နဗီးလ်ဟာ ကစားသမားတွေကို အပြစ်ပြောဖို့လောက်ပဲ ချောင်းနေသူဖြစ်ကြောင်း၊ စီရော်နယ်ဒိုဟာ အခမ်းနားဆုံးတွေထဲက တစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း မန်ယူကို ပုခုံးနဲ့ထမ်းတင်ထားသူ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

မန်ယူနည်းပြ ရန်နစ်က အသင်းအနေနဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီလန်ရိုက်ကို ကြိုးပမ်းဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။ မန်ယူဟာ ဒီလန်ရိုက်ကို ကာလရှည် စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီး ရန်နစ်ကလည်း ရိုက်ကို ခေါ်ယူဖို့ သဘော တူညီထားတာပါ။

ဂျူဗင်တပ် ဂန္ထဝင် ဂိုးသမားဟောင်းကြီး ဘူဖွန်က စီရော်နယ်ရောက်လာလို့ ဂျူဗင်တပ်ရဲ့ DNA ပျောက်ဆုံးခဲ့တယ် လို့ ပြောခဲ့တာက သူထင်တာကို ပြောခြင်းဖြစ်ကြောင်း၊ ဒါကလည်း စီရော်နယ်ဒိုရဲ့ အမှား မဟုတ်သလို ဂျူဗင်တပ် ကစားသမားတွေကလည်း ရော်နယ်ဒိုနဲ့ ကစားဖို့ ပြင်ဆင်ထားခြင်း မရှိကြောင်း ဆိုခဲ့ပြန်ပါတယ်။