မရှိမဖြစ် လာကာ၊ အူဘာကိုခေါ်ချင်တဲ့ နယူးကာဆယ်အား သတိပေးမှုနဲ့ ယနေ့ အာဆင်နယ် သတင်းများ
အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်က အာဆင်နယ် တိုက်စစ်မူှး လာကာဇက်ဟာ လီဗာပူးက ဖာမီနိုလို ကစားသမားမျိုး ဖြစ်ကြောင်း၊ လာကာဇက်အနေနဲ့ ဂိုးတွေ မသွင်းနိုင်ပေမဲ့ အသင်း ကစားကွက်မှာ မရှိမဖြစ် အလိုအပ်ဆုံး ကစားသမား ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ပေါ်တူဂီကလပ် ဘရာဂါတိုက်စစ်မူှး ဟော်တာကို လီဗာပူးနဲ့ အာဆင်နယ်တို့က အပြိုင် စိတ်ဝင်စား နေကြကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဟော်တာက လက်ရှိမှာ ဘရာဂါအတွက် ခြေစွမ်းကောင်းတွေ ပြသလျက်ရှိနေတာပါ။
အာဆင်နယ် တိုက်စစ်မူှး အန်ကီတက်ချ်ကို လေဗာကူဆင်က ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။ အန်ကီတက်ချ်ဟာ ရာသီကုန်ရင် အာဆင်နယ်နဲ့ စာချုပ် ကုန်ဆုံးတော့မှာဖြစ်ပြီး သူ့ကိုလေဗာကူဆင်က အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။

ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်က ဒီရာသီမျာ စပါးအနေနဲ့ အာဆင်နယ်ကို ကျော်လွန်ပြီး အဆင့်လေး အတွင်း ဝင်ရောက်နိုင်မှာဖြစ်ကြောင်း၊ စပါးအနေနဲ့ ကွန်တီကြောင့် အဆင့်လေးအတွင်း ဝင်ရောက်ဖို့ ရေပန်းစားကြောင်း၊ ကွန်တီဟာ အင်တာ၊ ချဲလ်ဆီးတိုမှာ သက်သေပြခဲ့ပြီးပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့တပည့်ဟောင်း အာတီတာဟာ အာဆင်နယ်အတွက် အရေးပါဆုံး ကစားသမား ဖြစ်ကြောင်း၊ အာတီတာရဲ့ အိုင်ဒီယာတွေက အသင်းကို အကောင်းဆုံး ဖြစ်စေကြောင်း၊ အာတီတာ အနေနဲ့ အမြန်ဆုံး သက်သာပြီး ပြန်လာနိုင်ဖို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ကက်ကာရီနိုက အူဘာမီယန်ကို ချိတ်ဆက်နေတဲ့ နယူးကာဆယ် အား သတိပေးမှုပြုလုပ်ခဲ့ပြီး အူဘာမီယန်ဟာ နယူးအတွက် မှန်ကန်တဲ့ခေါ်ယူမှုဖြစ်မှာ မဟုတ်ကြောင်း၊ အူဘာအနေနဲ့ နယူးကို တန်းဆင်းဇုန်က လွတ်အောင်ကူညီပေးနိုင်မဲ့ ကစားသမား မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ဂီဘာတိုဆေးလ်ဗားကတော့ မန်စီးတီးနဲ့ပွဲစဉ်က ကွင်းလယ်လူ ပါတေးရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ပြီး ပါတေးကို ကြည့်ရတာ ဗီအဲရာနဲ့တူကြောင်း၊ သူရဲ့စွမ်းဆာင်ရည်ကအလွန်ကောင်းမွန်ခဲ့ကြောင်း၊ သူ့အနေနဲ့ ပါတေးကို နှစ်သက်မှုရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်က မန်စီးတီးနဲ့ပွဲက ရလဒ်ပိုင်းက လက်ခံနိုင်ဖို့ ခက်ခဲကြောင်း၊ ဒါပေမဲ့ ဘာဖြစ်လာမလဲ ဆိုတဲ့ အရာရာကို ဘုရားသခင်သာ သိရှိကြောင်း၊ သူတို့အနေနဲ့ အတူတကွကြိုးပမ်းပြီး အကောင်းဆုံး ပြန်လာမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။