ဒိုလေးနဲ့ ဂျုံးစ် အတွက် မှတ်တမ်းဆိုး အပါအဝင် မန်ယူရဲ့ နှစ်သစ် ရှုံးပွဲက ပြောစရာ အချက်များ

မန်ချက်စတာ ယူနိုက်တက် ဟာ ညက ဝုဗ်နဲ့ ပွဲမှာ စိတ်ပျက်စရာ ကစားပုံနဲ့ အတူ ၂၀၂၂ ကို အကျည်းတန်စွာ ဖွင့်လှစ် သွားခဲ့ပါတယ်။ အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ ကစားခဲ့တဲ့ ပွဲမှာ မန်ယူအသင်း ဟာ ဝုဗ် အသင်းကို ၁-၀ နဲ့ ရှုံးနိမ့် ခဲ့ပြီး အဆင့် ၇ နေရာမှာသာ ဆက်လက် ရပ်တည်နေ ခဲ့ ပါတယ်။

အဆင့် ၄ နေရာက အသင်းနဲ့ အမှတ် ကွာဟမှု မကြီးမားသေးပေမယ့် မန်ယူရဲ့ ခြေစွမ်း နဲ့ ရလဒ်တွေ က ရာသီအကုန်မှာ အဆင့် ၄ နေရာကို ရနိုင်ဖို့ ခက်ခဲဦးမှာ မြင်သာစေခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ပြောစရာ ဖြစ်လာတဲ့ မှတ်တမ်းနဲ့ အချက်လေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁ ။ ဂျုံးစ် အတွက် ရက်ပေါင်း ၇၀၀ ၊ ရိုနယ်ဒို အတွက် နှစ်ပေါင်း ၁၄ နှစ်

မန်ချက်စတာ ယူနိုက်တက် နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကို ရက်ပေါင်း ၇၀၈ ရက်ကြာ ကင်းကွာ အပြီးမှာတော့ ဖီးလ်ဂျုံးစ် တယောက် အနီရောင် ဂျာစီကို ဝတ်ပြီး အိုးထရက်ဖိုဒ့် မြက်ခင်းပြင်ပေါ် နောက်တကြိမ် ခြေချခွင့် ရခဲ့ပါတယ်။ ဒီည ခြေစွမ်း ကို ပြောရရင်တော့ ဂျုံးစ် တယောက် မဆိုးခဲ့ဘူးလို့ ပြောရမှာပါ။

ရိုနယ်ဒို ကတော့ ဟယ်ရီ မက်ဂွဲယား မပါချိန်မှာ အသင်းခေါင်းဆောင် လက်ပတ် ကို ဝတ်ဆင်ခွင့် ရခဲ့ပါတယ်။ ရိုနယ်ဒို ဟာ ၂၀၀၈ တုန်းက ယူနိုက်တက် အသင်းခေါင်းဆောင် လက်ပတ် ကို ဝတ်ခဲ့ဖူးပြီး ၁၄ နှစ် အကြာမှာ နောက်တကြိမ် အခွင့်အရေး ထပ်ရခဲ့ တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတခါကတော့ ရိုနယ်ဒို အတွက် ကောင်းသောည မဖြစ်ခဲ့ပါဘူး။

၂ ။ ထပ်ပြီး ပြောရဦးမယ့် ၄-၂-၂-၂

နည်းပြ တယောက် ပြောင်းတိုင်း ကစားပုံ ပြောင်းတတ်တာ သဘာ၀ ပါပဲ။ ဒါပေမယ့် ရာသီ အလယ်ကြီး ၊ ပွဲတွေ ဆက်တိုက် ကစားနေရတဲ့ အချိန်မျိုးမှာ ကစားကွက် ရုတ်တရက် ပြောင်းလဲ ရတာကတော့ တကယ်ကို မလွယ်ပါဘူး။

ရန်းနစ် ကတော့ ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ ၄-၂-၂-၂ ကို ဆက်ပြီး သုံးနေခဲ့ပါတယ်။ ဒီကစားကွက် က ယူနိုက်တက် နဲ့ အခုထိ အစေးမကပ်သေးပါဘူး။ တောင်ပံ လူတွေဖြစ်ခဲ့ကြတဲ့ ဂရင်းဝုဒ် နဲ့ ဆန်ချို ဟာ အလယ်ကြောကနေ ထိုးဖောက်ရမလိုလို ၊ တောင်ပံကိုပဲ ဆွဲထွက် ရတော့မလိုလို နဲ့ လမ်းတွေ ပျောက်နေခဲ့ပြန်ပါတယ်။

သူတို့ဆီက ဘောလုံးမထွက်လာတာကြောင့် ရှေ့က ရိုနယ်ဒို၊ ကာဗာနီ တို့ အလယ်ထိ ဆင်းပြီး ဘောလုံး တောင်းယူကြတဲ့ အချိန်မှာတော့ ကစားပုံက ဖရိုဖရဲ ဖြစ်သွားခဲ့တာပါပဲ။ ၄-၂-၂-၂ နဲ့ ကစားချင်တယ်ဆိုရင်တော့ ဗန်ဒီဘိ ၊ ဖာနန်ဒက်စ် တို့ကို သုံးကြည့်တာ အကောင်းဆုံး ဖြစ်နိုင်ပါတယ်။

၃ ။ စိတ်ပျက်စရာ ကောင်းတဲ့ နောက်ခံအစွန်လူများ

ချဲလ်ဆီးမှာ ချေဝဲလ် နဲ့ ဂျိမ်းစ် ၊ လီဗာပူး မှာ အာနိုး နဲ့ ရောဘတ်ဆန်၊ မန်စီးတီး မှာ ကန်ဆယ်လို နဲ့ ဝေါ်ကာ တို့တွေဟာ ကမ္ဘာ့ အဆင့် ခြေစွမ်းတွေ နဲ့ အသင်းတွေကို ကူညီ ထောက်ပံ့ နေချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ အာရွန်ဝမ် ဘစ်ဆာကာ နဲ့ လုခ်ရှော လို့ ခေါ်တဲ့ သာမာန် ထက် တခါတလေမှ ပိုကောင်းတတ်တဲ့ ကစားသမား ၂ ယောက်ကို နောက်ခံအစွန်လူတွေ အဖြစ် ပွဲထုတ် နေရပါတယ်။

ဒီညမှာ ဝုဗ် ဘက်က ထရာအိုရေး ရဲ့ ခြိမ်းခြောက် နိုင်ချေကြောင့် ဒါးလော့ ကို မသုံးဘဲ ဘစ်ဆာကာ ကို ရန်းနစ် ရွေးချယ်ခဲ့ရ ပုံပါပဲ။ အဲ့ဒိ အတွက် ပြန်ပေးဆပ်ခဲ့ ရတာကတော့ အတော်လေး ကြီးမားခဲ့ပါတယ်။ အင်္ဂလန်သားဟာ ပွဲချိန်တလျောက် အကြိမ်ပေါင်း များစွာ ဖြတ်တင် ခဲ့ပေမယ့် တလုံးမှ လိုရင်း မရောက်ခဲ့သလို ဝုဗ် နောက်တန်းက အေးအေး လူလူ တားဆီး သွားနိုင်ခဲ့ ပါတယ်။

၁၉၉၉ တဝိုက် ယူနိုက်တက် အောင်မြင်တုန်းက အာဝင် နဲ့ နဗီးလ် တို့လို နောက်တန်းအစွန်ကောင်းတွေ ရှိခဲ့သလို ၂၀၀၈ တုန်းကလည်း အီဗရာ က ကမ္ဘာ့ အဆင့် ဘယ်နောက်ခံလူ ဖြစ်နေခဲ့တာပါ။ ဒီအချိန်တွေကို ပြန်လိုချင်ရင်တော့ အဲ့ဒိလို အဆင့်မျိုးတွေ ရှိနေမှ ဖြစ်မှာပါ။

၄ ။ မှေးမှိန်လာတဲ့ ချန်ပီယံလိဂ် ဝင်ခွင့်

လက်ရှိ ကစားနေတဲ့ ပုံစံနဲ့ ဆိုရင်တော့ ရာသီကုန်မှာ မန်ယူတို့ ဘယ်လိုမှ ချန်ပီယံလိဂ် ဝင်ခွင့် မရနိုင်ပါဘူး။ အသင်း အတွင်းမှာ ယုံကြည်မှုတွေ ပျောက်ဆုံးနေသလို အချင်းချင်း စိတ်ချင်း ဆက်သွယ်မှု အပိုင်းတွေကအစ ကျဆင်း နေတာ အရမ်းကို သိသာလွန်းပါတယ်။

နိုင်လိုစိတ်ပြင်းတဲ့ ကစားသမားတွေ ရှိတယ်လို့ ပြောနေကြပေမယ့် မိနစ် ၈၀ လောက်မှာ ဂိုးပေးလိုက်ရရင် ရှုံးဖို့ ၁၀၀% သေချာသွားပြီလို့ ပြောလို့ရလာတာက ဒီ နိုင်လိုစိတ်ပြင်းတယ်ဆိုတဲ့ ကစားသမားတွေ ဘယ်မှာလဲ လို့ ပြန်ပြီး မေးခွန်းထုတ်ရမလို ဖြစ်နေပါပြီ။

လူကြီး နဲ့ လူငယ်တွေကြားမှာ သဟဇာတ မဖြစ်၊ နည်းပြသစ် ရဲ့ ကစားပုံနဲ့ အံမဝင်၊ ပြိုင်ဘက်တွေ က လေးစားကြောက်ရွံ့ မနေတော့ဘူး။ ဒါတွေဟာ ယူနိုက်တက် ကျဆင်းလာမှုကို မီးမောင်းထိုးပြနေတဲ့ အချက်တွေပါပဲ။

အသင်းတသင်းမှာ ကစားသမား ကောင်းတွေ ရှိနေရုံ နဲ့ မအောင်မြင်ပါဘူး၊ အဲ့ဒိ ကစားသမားတွေ အချင်းချင်း နားလည်မှု ရှိပြီး စုစုစည်းစည်း ရှိနေမှသာ အောင်ပွဲကို ချီတက် နိုင်မှာပါ။ မက်ဆီ ကတော့ ရာသီမစခင်မှာ PSG ကို ပြောင်းဖို့ ဖြစ်လာခဲ့လို့ ဘာစီလိုနာ နဲ့ ယူရိုပါလိဂ် ကို လိုက်မကစားခဲ့ရပါဘူး။

ဒါပေမယ့် ရိုနယ်ဒို ကတော့ နောက်ရာသီမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ အတူ ယူရိုပါလိဂ် ကို သွားကစားရ တော့မယ့် အနေအထားကို ဦးတည်နေပြီ ဆိုတာ ဝန်ခံရတော့မှာပါ။