အပြောင်းအရွှေ့မှာ ပေါင် သန်း ၁၀၀ တန် ကစားသမား ထပ်ခေါ်ဖို့ စီစဉ်နေတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုရဲ့ နေရာမှာ တိုက်ရိုက် အစားထိုးဖို့အတွက် ဝက်စ်ဟမ်းကွင်းလယ်လူ ရိုက်စ်ကို ပစ်မှတ်ထားနေတယ်လို့ The Athletic က ဖော်ပြလာပါတယ်။

အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို သူရဲ့အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက အပြိုင်စိတ်ဝင်စားလျက် ရှိနေကြတာပါ။ လာမယ့်ဘောလုံးရာသီမှာတော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ဈေးပေါက်တဲ့ ကွင်းလယ်လူကို ပြိုင်ဘက်နှစ်သင်းထက် လက်ဦးဖို့ကို မန်စီးတီးက စိတ်ဆန္ဒပြင်းပြလာနေတာဖြစ်တယ်။

အသက်(၃၆)နှစ် အရွယ်ရှိ ဘရာဇီးလ် ဝါရင့်ကွင်းလယ်ကစားသမားကြီး ဖာနန်ဒင်ဟိုဟာ ၂၀၁၃ ခုနှစ်ကတည်းက မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းကို အကောင်းဆုံး မောင်းနှင်နိုင်တဲ့ သက်တမ်းရင့် ကစားသမားကြီးလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ဖာနန်ဒင်ဟိုဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တိုးထားခဲ့ပေမယ့် အသက်အရွယ်အရ ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် မန်စီးတီးဘက်က အစားထိုးဖို့ ကစားသမားတစ်ဦး ပြန်လည် အလိုရှိနေတာ ဖြစ်ပါတယ်။

သက်(၂၂)နှစ် အရွယ်သာ ရှိနေသေးတဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ရိုက်စ်ကို မန်စီးတီးအသင်းက စိတ်ဝင်စားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ နွေဈေးကွက်ကတည်းက ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် ဝါရင့်ကွင်းလယ်လူကြီး ဖာနန်ဒင်ဟိုကိုသာ တစ်နှစ်သက်တမ်းတိုးဖို့ကိုသာ ဦးစားပေး လုပ်ဆောင်ခဲ့တာကြောင့် ကမ်းလှမ်းမှုတွေ ဖြစ်မလာခဲ့ရတာ ဖြစ်ပါတယ်။

ဖာနန်ဒင်ဟိုနဲ့ လက်တွဲဖြုတ်ရချိန် ရောက်လာရင်တော့ သူရဲ့နေရာအတွက် ရိုက်စ်နဲ့သာ ပြန်လည်အစားထိုးဖို့ စီစဉ်ထားပြီး ရိုက်စ်ကလည်း မန်နေဂျာ ဂွာဒီယိုလာရဲ့ ကစားကွက်မှာ အံဝင်မယ်လို့ မန်စီးတီးဘက်က ယုံကြည်နေပါတယ်။ ရိုက်စ်ကို ခေါ်ယူခြင်းဟာ ဂရီလစ်နောက်ပိုင်း ဒုတိယမြောက် သန်း ၁၀၀ တန် ကစားသမားလည်း ဖြစ်လာပါမယ်။

ဒါပေမယ့် မန်စီးတီးအသင်းဟာ ရိုက်စ်အပြင် ဒေါ့မွန်တိုက်စစ်သမား ဟာလန်းကိုလည်း စိတ်ဝင်စားနေသေးတာကြောင့် နွေဈေးကွက်မှာ စံချိန်တင် ပြောင်းရွှေ့ကြေးပေါင်းများစွာ အသုံးပြုပြီး ကမ်းလှမ်းရမှုတွေ လုပ်ရဖွယ် ရှိနေပါတယ်။