မန်ယူအသင်း ရာသီကုန်မှာ ထိပ်ဆုံး ၄ သင်း ဝင်မယ် အာမမခံကြောင်း သတိပေးတဲ့ နည်းပြရန်းနစ်

ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ဝုဗ်ကို ၁-၀ ဖြင့် အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်လျှောက် အိမ်ကွင်းမှာ ဝုဗ်ကို ပထမဆုံးအကြိမ် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီပွဲမှာ အသင်းခေါင်းဆောင် မက်ဂွဲရား မပါနိုင်တာကြောင့် ရော်နယ်ဒိုကို လက်ပတ် ဝတ်ခွင့်ပေးခဲ့တယ်။ ဒါ့အပြင် ကာလရှည် ပွဲကစားခွင့်က လွဲချော်နေခဲ့တဲ့ ဖီးဂျုံးကိုလည်း ပြန်ပြီး ပွဲထွက်ကစားစေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရလဒ်ကောင်း မရခြင်းနဲ့အတူ ထိပ်ဆုံး ၄ သင်း ဝင်ခွင့်ရ အန္တရာယ်ရှိလာနေဆဲ ဖြစ်ပါတယ်။

ရန်းနစ်က ” ကစားသမားတွေလိုပဲ အရမ်း စိတ်ပျက်ရပါတယ်။ နောက်တန်း ၅ ယောက်နဲ့ အထိုင်ကစားတဲ့ ဝုဗ်ဟာ ကွင်းလယ်မှာလည်း လိုက်လျောညီထွေ ရှိတာကြောင့် ရင်ဆိုင်ရ ခက်ခဲတဲ့အသင်းဖြစ်ပါတယ်။ ပထမပိုင်းမှာ ကျနေ်ာတို့တွေ ရုန်းကန်ခဲ့ရတယ်။ လွယ်ကူတဲ့ ပြဿနာတွေ များစွာနဲ့ ဘောလုံးတွေ ဆုံးရှုံးခဲ့ကြတယ်။

ကျနေ်ာတို့အတွက် လွယ်ကူတဲ့ အလုပ် မဟုတ်ခဲ့တာကြောင့်ဘဲ ခံစစ်အထိုင်ကို ၃ ယောက်အဖြစ် ပြောင်းလဲခဲ့ရတယ်။ ကျနေ်ာတို့ ပိုထိန်းချုပ်လာနိုင်ခဲ့ပြီး ပထမသွင်းဂိုး သွင်းယူဖို့အတွက် အခွင့်အရေးကို လွဲချော်ခဲ့ပါတယ်။ ပထမဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့တဲ့ အသင်းကပဲ အနိုင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မှာ အသင်းက ကျနော် မရောက်လာခင် လွန်ခဲ့တဲ့ ၃ ပတ်၊ ၄ ပတ်လောက်တုန်းက တူညီတဲ့ ပြဿနာတွေကို ဆက်ပြီး ပြသခဲ့တယ်။ ဘောလုံးမရှိချိန် ဖိအားပေးမှုဆိုင်ရာ ကိစ္စတွေကို အသွေးအသားထဲထိ တိုးတက်လာဖို့က လွယ်ကူတဲ့အလုပ် မဟုတ်ခဲ့ပါဘူး။ ဒီနေ့ပွဲကပဲ ကျနေ်ာတို့က ရှေ့ဆက်နိုင်ဖို့ လိုအပ်တယ်ဆိုတာ ပြသခဲ့ပါတယ် ” လို့ ဆိုသွားခဲ့တယ်။

ထိပ်ဆုံး လေးသင်း ဝင်ခွင့်နဲ့ ပတ်သက်လို့ ” ကျနော် ဘာအာမခံချက်မှ မပေးနိုင်ပါဘူး။ ဒီနေ့ ခြေစွမ်းမျိူးနဲ့ဆိုရင် ရာသီကုန်ရင် အသင်းက ထိပ်ဆုံးလေးသင်းထဲ သေချာပေါက် ဝင်မှာပါလို့ ကျနော် ပြောရင် လူတွေ ယုံပါ့မလား မသေချာပါဘူး။ ကျနော်အတွက်ကတော့ နောက်ထပ် အဆင့်တွေအတွက်ရယ် ပိုကောင်းလာဖို့ရယ်ကပဲ အရေးကြီးပါတယ်။

ထိပ်ဆုံးလေးသင်း ဝင်ဖို့ဆိုတာ ခက်ခဲပေမယ့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ အဲ့လို လုပ်နိုင်ဖို့ ခရီးရှည်ကြီး သွားရဖို့ ရှိနေဆဲဖြစ်တယ်ဆိုတာ ပြသခဲ့တာပါပဲ ” လို့ ယူနိုက်တက် နည်းပြ ရန်းနစ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။