အာဆင်နယ်ရဲ့ အတိုးတက်ဆုံးသော ကစားသမားကို အသင်းဖော်ဖြစ်သူ ထုတ်ဖော် ချီးကျူး

အာဆင်နယ် အသင်း ဂိုးသမား အာရွန် ရမ်စ်ဒဲလ်က ပုံစံကောင်း ရနေတဲ့ အသင်းဖော် မာတင်နယ်လီကို ချီးကျူး စကား ဆိုလိုက်ပြီး မြန်နှုန်းနဲ့ အဆုံးသတ် စွမ်းရည်ဟာ ပြိုင်ဘက်တွေ ကြောက်စရာ ကောင်းလောက်အောင် ကောင်းလွန်းတယ်လို့ ချီးကျူးသွားပါတယ်။

မာတင်နယ်လီဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလကမှ ဘရာဇီး ကလပ် အီတူယာနို အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းနဲ့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိ လာသူ ဖြစ်ပါတယ်။

မာတင်နယ်လီဟာ အာဆင်နယ် အသင်း ရဲ့လိဂ်နောက်ဆုံး ၇ ပွဲ ဆက်တိုက် ပွဲထွက် ကစားခွင့် ရထားပြီး အဆိုပါ ၇ ပွဲမှာ သွင်းဂိုး ၃ ဂိုး ၊ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ် ထားနိုင်ပါတယ်။ ရမ်စ်ဒဲလ် ကတော့ ဖော်စတာရဲ့ podcast မှာ မာတင်နယ်လီ ရဲ့ စွမ်းဆောင်ရည်ကို ခုလို ချီးကျူး သွားခဲ့ပါတယ်။

” သူ(မာတင်နယ်လီ) က မြန်ပါတယ် ၊မြန်တယ်ဆိုတာမှာလည်း ဦးနှောက် သုံးပြီး လျင်လျင်မြန်မြန် ကစားတာပါ ၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုသာ ပိုပြီး အားကောင်းလာရင် ပိုပို ကောင်းလာမှာ အမှန်ပါပဲ ။ သူက ခုမှ ကလေးပဲ ရှိပါသေးတယ် ၊ ဒါပေမယ့် မြန်လည်း မြန်ပြီး အဆုံးသတ် စွမ်းရည်ကလည်း ကြောက်စရာ ကောင်းလောက်အောင် ကောင်းတာပါ။

ကျွန်တော် ဘရာဇီး ကစားသမားတွေ နဲ့ သိပ်မသိပါဘူး ၊ ဒါပေမယ့် ဘရာဇီး လက်ရွေးစင် အသင်းရဲ့ပွဲတွေကို ကြည့်မယ်ဆိုရင် ကောင်းပေမယ့် သိပ်ပြေးလွှား မကစားတဲ့သူရယ် ၊ ကောင်းလည်းကောင်း ပြေးလွှား ကစားတတ်တဲ့သူရယ် ဆိုပြီး တွေ့ပါလိမ့်မယ် ။ မာတင်နယ်လီ က တစ်နေကုန် ပြေးလွှား ကစားနိုင်သူပါ ၊ ဘောလုံးနောက်ကို တောက်လျှောက် လိုက်ကစားတတ်သူပါ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ်။

ဘရာဇီး လူငယ် တိုက်စစ်မှူး မာတင်နယ်လီ ဟာ အာဆင်နယ် ကစားသမား ဘဝ ပထမဆုံး ရာသီမှာတင် ပြိုင်ပွဲစုံ ၂၆ ပွဲ အထိ ကစားခွင့်ရခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၁၀ ၊ ဂိုးဖန်တီးမှု ၄ ကြိမ် အထိ ပြု လုပ်နိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ မာတင်နယ်လီ ဟာ ဒူးဒဏ်ရာကြောင့် ကိုးလကြာ အနားယူ ခဲ့ရပြီး ၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကမှ အာဆင်နယ် အတွက် ပြန်လည် ကစား ပေးနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် မာတင်နယ်လီ ဟာ ပုံမှန် ပွဲထွက် ကစားခွင့် မရရှိဘဲ အချိန် အများစုကို အရန်ခုံမှာသာ ကုန်ဆုံး ခဲ့ရပါတယ်။

ဒီရာသီမှာလည်း မာတင်နယ်လီ ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ နှစ်ပွဲမှာပဲ ပွဲထွက် ကစားခွင့် ရခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ အရန်ခုံသာ ထိုင်ခဲ့ရပါတယ် ။ ဒါပေမယ့် နယူးကာဆယ် နဲ့ ပွဲမှာ မာတင်နယ်လီ ဟာ လူစားဝင် ကစားပြီး ဂိုးသွင်း နိုင်ခဲ့တဲ့နောက် အာတီတာ က အသင်းကြီးမှာ ပွဲထွက် ကစားခွင့် ပြန်ပေးခဲ့ပါတယ်။