မန်ယူမှာ အသင်းဖော်တွေနဲ့ သဟဇာတ မဖြစ်တဲ့ ဒိုလေးကို ဘယ်လိုလုပ်မလဲ ဆုံးဖြတ်ရတော့မယ့် ရန်းနစ်

ဒီရာသီမှာ ရော်နယ်ဒိုက ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုး ရရှိထားခဲ့ပါတယ်။ ဒီဂိုးတွေကို ကြည့်မယ်ဆိုရင် စုစုပေါင်း ၆ ပွဲသာ သူ ဂိုးသွင်းခဲ့တာဖြစ်ပြီး တပွဲကို ၂ ဂိုးနှုန်း သွင်းယူတာက ၂ ပွဲပါဝင်ခဲ့ပါတယ်။ အခုဆိုရင် သူက နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲမှာ ၁ ဂိုးသာရရှိခဲ့ပြီး ၂ပွဲကတော့ ဂိုးပေါက်တောင် တကြိမ်မှ မတည့်ခဲ့ဘူးလို့ မှတ်တမ်းတွေက ဖော်ပြနေပါတယ်။

နည်းပြ ရန်းနစ်လက်အောက်မှာလည်း ပုံမှန်ကစားခွင့်ရနေခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးရဲ့ခြေစွမ်းက တဖြည်းဖြည်းနဲ့ အကျဘက်ကို ရောက်လာနေပြီဖြစ်ပြီး အသင်းဖော်တွေဆီက လုံလောက်တဲ့ ပံ့ပိုးမှုတွေမရချိန်မှာတော့ အဆိုးရွားဆုံး ပုံစံတွေ ဖြစ်လာခဲ့တာပါ။

နယူးကာဆယ်နဲ့ပွဲမှာဆိုရင် သွင်းဂိုးမရှိ၊ ဖန်တီးမှုမရှိ၊ အရေးပါတဲ့ ပေးပို့မှုမရှိခဲ့ဘဲ နေရာယူတာ ၉ ကြိမ်အထိ ရော်နယ်ဒိုက မှားယွင်းခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ပိုင်းပြင်းထန်မှုက မေးခွန်း ထုတ်စရာ မရှိပေမယ့် သူ တွဲဖက်ကစားနေရတဲ့ ကစားသမားတွေရဲ့ အနေအထားတွေက သူ့ကို အနိမ့်ဘက်က ဆွဲခေါ်သလိုပိုဖြစ်လာပါတယ်။

တော်မီနေး နဲ့ မာတစ်တို့ ပါလာတဲ့ ကွင်းလယ်ဆီကနေ သူ ဘာမှမျှော်လင့်လို့မရပါဘူး။ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်တို့နဲ့ တွဲကစားရချိန်မှာ ရခဲ့တဲ့ အခွင့်အရေးမျိုးတွေ ဒီဘက်နောက်ပိုင်းမှာ ရော်နယ်ဒိုမရတော့တာကလည်း သူ့ရဲ့ တပွဲချင်းစီ ကိန်းဂဏန်းတွေကို ပိုဆိုးဝါးလာစေခဲ့ပါတယ်။

ဝုဗ်နဲ့ပွဲမှာလည်း သွင်းဂိုးမရှိ၊ ဖန်တီးမှုမရှိ၊ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိခဲ့ပြီး ဘောလုံးထိချက်က အကြိမ် ၅၀ သာ ရှိခဲ့တာပါ။ နေရာယူ လွဲနေခဲ့တာက ၁၄ ကြိမ်အထိရှိတာကို ကြည့်မယ်ဆိုရင် အသင်းဖော်တွေနဲ့ သူ့ကြားမှာ ဘယ်လိုမှ သဟဇာတ မဖြစ်ဘူးဆိုတာကလည်း ထင်ရှားနေခဲ့ပါတယ်။

ဒါတွေက သူ့အပြစ်တွေချည်းပဲလို့ ဆိုလိုတာမဟုတ်ပါဘူး။ နည်းပြဖြစ်သူရဲ့ ကစားကွက်၊ နည်းစနစ်၊ လူရွေးချယ်မှုတွေ ကလည်း တာသွားပါတယ်။ သူ့ကို ပုံမှန် ထည့်သွင်းကစားမယ် ဆိုရင် သူ့အတွက် အထောက်အကူပေးနိုင်မယ့် ကစားဟန်၊ ကစားသမားမျိုးကို ရန်းနစ် ထည့်ပေးလိုက်ဖို့ လိုလာပါတယ်။

ဝုဗ်ဂိုးဧရိယာအတွင်းမှာ ဘောလုံးထိချက် ၃ ကြိမ်သာရှိခဲ့တဲ့ သူ့ဆီကနေ ဂိုးရဖို့ မျှော်လင့်နေမယ်ဆိုတာကတော့ ဒါ ရူးမိုက်လွန်းရာ ကျပါတယ်။ အသက်အရွယ်အရ ထိန်းကစားနေရတဲ့ ကစားသမားတယောက်၊ ခြေစွမ်း အကျဘက် ရောက်လာတဲ့ ကစားသမားနဲ့ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ရတော့မှာပါ။

အဲဒါကတော့ သူ့ကို ကစားစေမလား ဒါမှမဟုတ် နားစေမလားဆိုတာပါပဲ။ ရော်နယ်ဒိုလို ကစားသမားကို ခေါက်ထားဖို့က တော်တော်လေးတော့ စွန့်စားရပါလိမ့်မယ်။ ထည့်သွင်းကစားစေမယ်ဆိုရင်လည်း သူ့အတွက် လိုက်ဖက် ညီစေမယ့်အရာတွေကို ဖန်တီးပေးနိုင်ဖို့က လိုအပ်ပါတယ်။ ဒါတွေက နည်းပြ ရန်းနစ် အပေါ်မှာပဲ မူတည်နေပြီ ဖြစ်ပါတယ်။