ကမ္ဘာကြီးကို ထမ်းထားရတဲ့ ရက်ဖို့ဒ်၊ ခြေကျသွားတဲ့ ဘရူနို၊ ဒိုလေးကို မကြည်ကြသူများနဲ့ ယနေ့ည မန်ယူ သတင်းများ
စီရော်နယ်ဒို ရောက်ရှိပြီးကတည်းက ကွင်းလယ်လူ ဖာနန်ဒက်စ် ဟာ အရင်လို မဟုတ်တော့ဘဲ အကောင်းဆုံး ခြေစွမ်းတွေ ပျောက်ဆုံးသွားတယ်လို့ မန်ယူဂန္ထဝင်ဟောင်း အန်ဒီကိုးလ်က သုံးသပ်လိုက်ပြီး ဖာနန်ဒက်စ်ရဲ့ခြေစွမ်းက မနှစ်ကနဲ့ လုံး၀ မတူညီတော့ဘူးလို့ ထောက်ပြခဲ့ပါတယ်။
မန်ယူ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဂရင်းဝုဒ်နဲ့ ကာဗာနီတို့အနေနဲ့ လူရွေးချယ်မှုမှာ စီရော်နယ်ဒိုဟာ ချန်လှပ်လို့ မရဖြစ်နေတဲ့ အခြေအနေအပေါ် စိုးရိမ်နေကြပါတယ်။ စီရော်နယ်ဒိုနဲ့ပတ်သက်ပြီး မန်ယူ အဝတ်လဲခန်း အတွင်း တင်းမာမှုတချို့ရှိနေကြောင်းလည်း သိရပါတယ်။

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က ဘောလုံးထက် တခြားကိစ္စတွေကိုပိုပြီး အာရုံများနေတဲ့ မန်ယူ တိုက်စစ်မှူးရက်ဖို့ဒ်ကို ဝေဖန်ခဲ့ပါတယ်။
“ရက်ဖို့ဒ်ကိုကြည့်ရတာ တစ်ကမ္ဘာလုံးကို သူ့ပုခုံးပေါ် ထမ်းတင်ထားရသလိုပါပဲ။ သူက ဘောလုံးထက် တခြားတရာတွေကို ဦးစားပေး တွေးနေတယ်လို့ ထင်ပါတယ်”လို့ ဒါရင်းဘန့်က မှတ်ချက်ပြုခဲ့ပါတယ်။
မန်ယူကစားသမားဟောင်း အန်ဒီကိုးစ်ကတော့ ဝုဖ်နဲ့ပွဲမှာ အိမ်ကွင်းမှာ ကစားရပါလျက်နဲ့ ကွင်းလယ် အထိုင် နှစ်ဦး ထားကစားခဲ့တဲ့ နည်းပြရန်နစ်ရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်ခဲ့ပြီး အိမ်ကွင်းမှာ ကစားရတဲ့အခါ တိုက်စစ် ကစားဖို့ လိုအပ်ကြောင်း ဝေဖန်ခဲ့ပါတယ်။
မန်ယူ ကစားသမားတစ်ဦးဟာ နည်းပြ ရန်နစ်ကို မခန့်အပ်ခင်လေးမှာ ရန်နစ် ဘယ်သူလဲဆိုတာ မသိရှိဘဲပဲ google မှာ သွားရောက် ရှာဖွေခဲ့ရကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။ အဲဒီ ကစားသမားရဲ့ နာမည်ကိုတော့ဖော်ပြခဲ့ခြင်း မရှိခဲ့ပါဘူး။ လက်ရှိမှာ မန်ယူ ကစားသမားတွေအနေနဲ့ နည်းပြရန်နစ်ရဲ့ နည်းစနစ်ပိုင်းကို အထင်မကြီး ဖြစ်နေကြကြောင်း သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဂိုးသမားဒီဂီယာက နောက်ခံလူ ဖီးလ်ဂျုံးစ်ကို ချီးကျူးခဲ့ပြီး ဖီးလ်ဂျုံးစ်အနေနဲ့ သူ့ကိုယ်သူ ဂုဏ်ယူသင့်ကြောင်း၊ ဝုဖ်နဲ့ပွဲက ဖီလ်ဂျုံးစ်ရဲ့စွမ်းရည်အပေါ် ပျော်ရွှင်မိပြီး သူဟာ ပွဲထွက်ခွင့်နဲ့ထိုက်တန်သူဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။

ဘာစီလိုနာ က မန်ယူတိုက်စစ်မှူးမာရှယ်လ် အတွက် သူတို့ တောင်ပံကစားသမား ဒမ်ဘီလီတို့ကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။ ဘာစီအနေနဲ့ မန်ယူတိုက်စစ်မှူး မာရှယ်လ်ကိုစိတ်ဝင်စားနေခဲ့ပြီး အရခေါ်ဖို့ ဆုံးဖြတ်ထားပါတယ်။
မန်ချက်စတာ ယူနိုက်တက်နည်းပြ ရန်နစ်အနေနဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ဒုတိယရာသီဝက်မှာ ပွဲထွက်ခွင့် အာမခံချက် နဲ့ ဆက်ထိန်းထားဖို့ ကြံရွယ်နေတာပါ။ ဒါပေမဲ့ ဗန်ဒီဘိခ် အနေနဲ့ မန်ယူမှာ ဆက်နေလိုဖွယ်မရှိုတော့ဘဲ အသင်းပြောင်းဖို့သာ စိတ်အား ထက်သန်နေကြောင်း သိရပါတယ်။