အိုရီဂီ အပါအဝင် ပရီးမီးယားလိဂ် တိုက်စစ် ၃ ဦးကို ခပ်သွက်သွက် ချိတ်နေတဲ့ နယူးကာဆယ်

နယူးကာဆယ် အသင်းဟာ တိုက်စစ်ကို ထပ်မံ အားဖြည့်ဖို့ အတွက် လီဗာပူး တိုက်စစ်မှုး အိုရီဂီ၊ ဘုန်းမောက် တိုက်စစ်မှုး ဆိုလန်ကီ နဲ့ နော့ဝှစ်ချ်မှာ ပုံမှန် နေရာရဖို့ ရုန်းကန်နေရတဲ့ ကန့်ဝဲလ် တို့ကို ခေါ်ယူဖို့ အရှိန်မြှင့် လိုက်ပါတယ်။

နယူးကာဆယ် ရဲ့ စောင့်ကြည့်စာရင်းမှာ အာဆင်နယ် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် လူငယ် တိုက်စစ်မှုး အန်ခီတီးယား လဲ ပါဝင်နေပေမယ့် အသင့်တော်ဆုံး ဖြစ်မယ့် ကစားသမားမျိုးကို တွက်ချက်ချိန်ဆနေပါတယ်။

နယူးကာဆယ် နည်းပြ အက်ဒီဟောင်း ကတော့ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ အဓိက ဦးစားပေး ခေါ်ယူ ချဉ်းကပ်သင့်တဲ့ စာရင်းကို သေချာ သုံးသပ်နေတာပါ။

လီဗာပူးတိုက်စစ်မှုး အိုရီဂီ ဟာ လက်ရှိ အပြောင်းအရွှေ့မှာပဲ ပြောင်းရွှေ့ကြေး ပေါင် ၇ သန်း ဝန်းကျင် နဲ့ ကမ်းလှမ်းမှု တွေ ရရှိလာရင် လီဗာပူး ကနေ ထွက်ခွာခွင့် ရဖွယ် ရှိနေတယ်လို့ ယူဆထားပါတယ်။ ဒါပေမယ့် လီဗာပူး က ပေးချေထားတဲ့ လစာပမာဏမျိုး ထက် နည်းပါးတဲ့ လစာပေးချေမှုမျိုးကိုတော့ လက်ခံဖွယ် မရှိပါဘူး။

အိုရီဂီဟာ လက်ရှိ အချိန်ထိ အန်ဖီးလ်မှာ ပုံမှန် ကစားခွင့် မရပဲ ဆက်ရှိနေတဲ့ အကြောင်းအရင်းတွေထဲမှာ လစာ ထိုက်ထိုက် တန်တန် ရရှိနေတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

နည်းပြ အက်ဒီဟောင်း ဟာ အသင်းဟောင်း ဘုန်းမောက် က တိုက်စစ်မှုး ဆိုလန်ကီ ကိုလဲ သဘောကျနေပါတယ်။ သူဟာ လက်ရှိ ဘောလုံးရာသီမှာ ဘုန်းမောက် အတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသကာ စုစုပေါင်း 19 ဂိုး အထိ သွင်းယူထားပြီး ၊ ပရီးမီးယားလိဂ် ပြန်လာခွင့်ရဖို့ အဓိက နေရာကနေ ကြိုးစားပေးလျှက် ရှိနေပါတယ်။

ဒါကြောင့် နယူးကာဆယ် အနေနဲ့ ဆိုလန်ကီ ကို ခေါ်ယူဖို့ အတွက် လွယ်လွယ်ကူကူ နဲ့ စည်းရုံး နိုင်ဖို့တော့ လွယ်မှာ မဟုတ်ပါဘူး။

လက်ရှိ နယူးကာဆယ် ရဲ့ ပစ်မှတ်တွေထဲမှာ ဖြစ်နိုင်ချေ အများဆုံး ကစားသမား က နော့ဝှစ်ချ် ကွင်းလယ် ကန့်ဝဲ ဖြစ်ပြီး စာချုပ် သက်တမ်းက ၁၈ လ သာ ကျန်တော့ကာ ၊ ပေါင် ၁၅ သန်း ဝန်းကျင်ရရှိမယ် ဆိုပါက နော့ဝှစ်ချ် က လက်လွှတ်ပေးဖွယ် ရှိနေပါတယ်။