အဓိက ခံစစ် ပစ်မှတ် ကစားသမား၊ ပြန်ရမယ့် ဆောနီဂွက်ဇ်၊ ဟာဗက်ဇ် ဒဏ်ရာနဲ့ ယနေ့ညပိုင်း ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေက ကြိုးစားမှု မအောင်မြင်ခဲ့တဲ့ ဆီဗီလာ ခံစစ်မှုး ဂျူးလက်စ် ကွန်ဒဲလ်ကို အခုထိ အဆက်အသွယ် မပြတ် ချိတ်ဆက်နေသေးပြီး လာမယ့် နွေမှာ အရ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ဘာစီလိုနာ အသင်းဟာ ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကို အားစိုက်ကြိုးပမ်းလာနေကြောင်း စပိန်သတင်းဌာန က ဖော်ပြထားပါတယ်။ ခရစ္စတန်ဆန် က ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခြင်း မပြုဖို့ ဆုံးဖြတ်ထားပြီး နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာမှာပါ။
ချဲလ်ဆီးအသင်းဟာ အငှားခေါ်ထားတဲ့ ကွင်းလယ်ကစားသမား ဆောနီဂွက်ဇ် ကို ရာသီကုန်ရင် အပြီး ဝယ်ယူခွင့် ရှိပေမယ့် မဝယ်တော့ဘဲ ပြန်လက်လွှတ်သွားဖို့ များနေပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးတိုက်စစ်ကစားသမား ဇီယက်ချ်ကတော့ ကာရာဘောင်းဖလားနဲ့ ပတ်သက်ပြီး အသင်းဖော်တွေအား သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။ သူတို့အနေနဲ့ အခွင့်အရေးများစွာရရှိပြီး ပွဲကိုအဆုံးသတ်ဖို့မေ့လျော့နေခဲ့ကြောင်း၊ ဒုတိယ အကျော့ မှာလည်း ပုံစံကောင်းပြနိုင်ဖို့ မျှော်လင့်ကြောင်း ဇီယက်ချ်က ဆိုခဲ့တာပါ။
ချဲလ်ဆီးနည်းပြတူချယ်ကတော့ စပါးနဲ့ပွဲမှာ ဒဏ်ရာပြဿနာကြုံတွေ့နေရတဲ့ နောက်ခံလူ အက်ပီကျူတာနဲ့ ကွင်းလယ်လူ ကိုင် ဟာဗက်ဇ် တို့ရဲ့ ဒဏ်ရာအခြေအနေ မစိုးရိမ်ရဖို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ကျူတာက ကြွက်တတ်သွားတာလို့ ယူဆရပြီး ဟာဗက်ဇ်က လက်ချောင်းကျိုးသွားခဲ့တာ ဖြစ်ကာ ဒဏ်ရာ ကြီးကြီးမားမား မဖြစ်စေဖို့ မျှော်လင့်မိကြောင်း တူချယ်က ထုတ်ဖော်ခဲ့ပါတယ်။
လူကာကူရဲ့ အငြင်းပွားဖွယ်ရာ ပြဿနာဖြစ်ပွားပြီးနောက် ဘယ်လို တုံ့ပြန်ကြသလဲ ဆိုတဲ့ အပေါ် ဇီးယက်ချ်က “ကျွန်တော်တို့ လုပ်နိုင်တာတစ်ခုက သူ့ကို အားပေးထောက်ပံ့ဖို့ပါ။ ကျွန်တော်တို့က အသင်းဖော်တွေဆိုတော့ အချင်းချင်း အားပေးကြဖို့ပါပဲ။ ” လို့ တုံ့ပြန်ခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားဟောင်း အက်ရှ်လေကိုးကတော့ စပါးနဲ့ပွဲက ပြသခဲ့တဲ့ခြေစွမ်းအရ ကွင်းလယ်လူ ဆောနီဂွတ်ဇ် အနေနဲ့ ပထမ အသင်းမှာ ပိုမိုပါဝင်နိုင်ဖို့ အခွင့်အရေး ရလာမှာဖြစ်ပေမဲ့ ပုံမှန် ပွဲထွက်ခွင့် ရဖို့တော့ မထင်မိကြောင်း၊ ဆောနီဂွတ်ဇ် ရှေ့မှာ ခြေစွမ်းပြနေတဲ့ ကစားသမား ၃ ဦးလောက် အထိ ရှိနေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
စပါးနည်းပြ ကွန်တီကတော့ ကာရာဘောင်ဖလား ပထမအကျော့ပွဲစဉ်မှာ ချဲလ်ဆီးက သူတို့ထက်စာရင် များစွာ ကောင်းမွန်ခဲ့ပြီး ချဲလ်ဆီးရဲ့ စွမ်းဆောင်ရည် အပေါ် ဂုဏ်ပြုရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။