ချန်ပီယံဖြစ်ရေးအတွက် မန်စီးတီး၊ လီဗာပူးနည်းတူ ချဲလ်ဆီး ပိုင်ဆိုင်လာတဲ့ သော့ချက် အသင်းသား

ပရီးမီးယားလိဂ် တိုက်စစ်သမားဟောင်း ပီတာခရော့က ချဲလ်ဆီးအသင်း ချန်ပီယံဆုဖလားတွေကို အနိုင်ရရေး အဆုံးအဖြတ်ပေးမယ့် ကစားသမားက မန်ဒီဖြစ်ပါတယ်လို့ သုံးသပ်သွားပါတယ်။

ချဲလ်ဆီးဟာ ချန်ပီယံဆုတွေအတွက် ရေပန်းအစားဆုံး အသင်းတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးနည်းတူ ထိပ်တန်း ပိုင်ဆိုင်မှုအဖြစ် အသင်းဂိုးပေါက်မှာ မန်ဒီကို ပိုင်ဆိုင်ထားတာပါ။ ဘရန့်ဖိုဒ့်ပွဲဟာ ချဲလ်ဆီးတို့ သရေကျနိုင်တဲ့ပွဲ ဖြစ်ခဲ့ပေမ့် မန်ဒီကြောင့်ပဲ အနိုင် ၃ မှတ်ကို ထိန်းသိမ်းနိုင်ခဲ့တယ်။ ဒါဟာ ရာသီကုန်မှာ ချဲလ်ဆီးကို ချန်ပီယံဖြစ်စေနိုင်တဲ့ အဓိက အကြောင်းရင်း ဖြစ်လာနိုင်တယ်လို့ ပီတာခရော့ ပြောပါတယ်။

ပီတာခရော့က ” ချဲလ်ဆီးက ကံကောင်းလို့ နိုင်ခဲ့တယ်ဆိုတဲ့ သောမတ်စ် ဖရန့်ရဲ့ ပွဲပြီး မှတ်ချက်က မှန်ကန်ခဲ့တယ်ပဲ ဆိုရမှာပါ။ သူ့အသင်းက ဒီ စွမ်းဆောင်ရည်မျိုးနဲ့ ၁၀ကြိမ် ကစားရင်း ၊ ၉ကြိမ် နိုင်ခဲ့မှာ အသေအချာပါပဲ။

ဒါပေမယ့် အဲဒီပွဲမှာ သူတို့ ချဲလ်ဆီးကို အနိုင်မရခဲ့ခြင်းရဲ့ အကြောင်းအရင်းက မန်ဒီပါပဲ။ ကျွန်တော် ဟာ ကစားသမား ဘဝမှာတုန်းက ဂိုးသမား အခန်းကဏ္ဍ အပေါ် မကြာခဏ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။

မန်ဒီဟာ အဲဒီပွဲ အပြီးမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို မျှော်မှန်းနေတဲ့ အသင်း တသင်းမှာ ဂိုးသမား တယောက်ရဲ့ အခန်းကဏ္ဍ က ဘယ်လောက်ထိ အရေးပါတယ် ဆိုတာကို သက်သေပြခဲ့ပါတယ်။

သူဟာ ချဲလ်ဆီးကို ရာသီကုန်ခါနီးမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးစေဖို့ အဆုံးအဖြတ် ပေးမယ့် သူပါပဲ။ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းတိုင်းကို ကြည့်ရင်၊ တူညီတဲ့ အချက် တချက်က သူတို့ဟာ ကိုယ့်အသင်းရဲ့ တုနှိုင်းမရ ဂိုးသမား အပေါ်မှာ အပြည့်အဝ ယုံကြည်ကြတာပဲ ဖြစ်ပါတယ်။

အလီဆင်နဲ့ အီဒါဆင် တို့ကို ခေါ်ယူခဲ့တဲ့ လီဗာပူးနဲ့ မန်စီးတီး တို့ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း အမှတ်ပေးဇယား ထိပ်ပိုင်းမှာ တလှည့်စီ ဦးဆောင်ခဲ့ကြပါတယ်။ မန်ဒီ ဟာလည်း ချဲလ်ဆီး အတွက် ဇယားထိပ်မှာ ရပ်တည်စေဖို့ တူညီတဲ့ လွှမ်းမိုးမှုမျိုး ပေးစွမ်းမှာ ဖြစ်ပါတယ်။

ချန်ပီယံ ဖြစ်ဖို့အတွက် တခြားသော အရည်အသွေး ၊ အားသာချက်တွေ အပေါ်မှာ မူတည်နေပါသေးတယ်။ နေရာတိုင်းမှာ တောင့်တင်းနေရပါမယ်။ ဒါပေမယ့် တကယ်တမ်း ယှဉ်လာတဲ့အခါ ကွာခြားချက်က အရမ်း ကျဉ်းမြောင်းနေတဲ့ အတွက် မန်ဒီလို ဂိုးသမားက အဆုံးအဖြတ်ပေးမယ့် ကစားသမား ဖြစ်လာနိုင်ပါတယ် ” လို့ သုံးသပ်သွားခဲ့ပါတယ်။